Posts

Showing posts from January, 2018

hypothetical venom

ဘာကိုမှ မြင်စွမ်းမသာတဲ့ အမှောင်ထုက လေလုံဇကာတစ်ခုလို ငါ့ကို ဖုံးအုပ်ထားတယ် ။ ဒါဟာ မင်းမရောက်နိုင်တဲ့ အဝေးက ငါ့ညပဲ ။ လရောင်ဟာ မျက်စိအောက်မှာတင် ပင်လယ်ဖြစ်သွားပြီး ဒဏ်ရာတွေကို တမျှင်ချင်း ယက်လုပ်တယ် ။ အကွာအဝေးကိုပဲ တိုင်းတာနေရင်းနဲ့ ငါကိုယ်တိုင် အကွာအဝေးတစ်ခုလို အသွင်ပြောင်းသွားရော့မယ် ။ ငါ့နာမည်ခေါ်သံကြားလို့ မော့ကြည့်တော့ လေထီးတစ်ခုက လူမပါပဲ တအိအိဆင်းလာတယ် ။ ငါတွေဝေသွားတယ် ။ ငါပြန်တည်ဆောက်တယ် ။ အတိုင်းအဆမသိနိုင်တဲ့ အစိမ်းရောင် ချောက်ကမ်းပါးစွန်းမှာ မတ်မတ်ရပ်နေဖို့ ငါကြိုးစားတယ် ။ လေတွေ တအားတိုက်လာတယ် ။ ဒီလိုနဲ့ပဲ ငါ့ဘဝဟာ မလိုအပ်တဲ့ စွန့်စားမှုတွေကိုပဲ တောင်းဆိုနေခဲ့တယ် ။ ဒီလိုနဲ့ပဲ ငါ့ကို ဆွဲငင်ထားတဲ့ gravity ကို အသက်ကယ်ဘောကွင်းတစ်ခုလို ငါကိုင်တွယ်မိခဲ့တယ် ။ မှိုပွင့်ပုံတိမ်တိုက်တစ်ခုမှာ ငါ့ပုဂ္ဂလသစ်စေ့တွေကို ချိတ်ဆွဲပေးလိုက်ပြီး လေထုထဲ လွှတ်တင်တယ် ။ ဘဝဟာ မီးကျည်တစ်ခုလို ထိုးတက်သွားပြီး နောင်နှစ်ပေါင်းနှစ်ဆယ်ကျော်ရောက်မှ ခရုပတ်ခွေလို ငါတို့ရဲ့ အစုပြချစ်ခြင်းတွေဆီ ပြန်ဖြာကျတယ် ။ ဒါဟာ ငါဘယ်လောက် လွမ်းနေပါပြီဆိုတဲ့အကြောင်း သဲပေါ်မှာရေးပြီး မင်းဆီလိပ်မူဖို့ ကြိုးစားနေမိခြင