လူလုပ်မှတ်ဉာဏ် - ၁၂

ငါ ခပ်ငယ်ငယ်တုန်းက ငါ့အဘိုးနဲ့အဘွားနေတဲ့ ရပ်ကွက်ထဲမှာ တစ်ထပ်တိုက်အိမ်ပုလေးရဲ့ အိမ်အပြင်နံရံက Aa@ ဒီဇိုင်းကို အစွဲပြုပြီး အေသုံးလုံးလို့ခေါ်တဲ့ အိမ်ဆိုင်လေးတစ်ခုရှိတယ် အေသုံးလုံးကနေ ရေခဲသေတ္တာကို သူခိုးခိုးခံရတဲ့အကြောင်း အဲဒီတုန်းက ရပ်ကွက်တစ်ခုလုံးရဲ့ ခေါင်းကြီးသတင်းပဲ ငါ့အဘိုးဆို ခြံတံခါးကို သံချိန်းကြိုးနဲ့ သော့တစ်ထပ် အိမ်တံခါး သော့နှစ်ထပ်ခတ်ပြီးမှ အိပ်ရာဝင်တာ ငါမှတ်မိသေးတယ် ငါ့မှတ်ဉာဏ်ရဲ့ ဘယ်အကြိုအကြားက ခုပြန်ထွက်လာလဲတော့ မသိဘူး ခုနေ ပြန်စဉ်းစားကြည့်တော့ ငါသူငယ်တန်းမှာ မင်္ဂလာပါ ဘဘဗိုလ်ချုပ်ကြီးဆိုပြီး ဗိုလ်ချုပ်ခင်ညွန့်ကို လက်အုပ်ချီနှုတ်ဆက်ခဲ့ရတယ် ငါတို့တွေက ပိတ်ဖြူစင်ကြယ်နဲ့ ဖိုးသူတော်လေးတွေပေါ့ သာသနာဆိုတာဟာ အာဏာကို မကျော်နိုင်သလို ငါတို့အဖြူလေးတွေက အစိမ်းရင့်ရောင် ယူနီဖောင်းကို ဦးညွတ်ရိုသေပြခဲ့ရတာပေါ့ ဒူးကလေးတွေပါ ညွတ်ပြီးတော့ တညီတညာလေးပေါ့ အဲဒီနှစ်တုန်းက ငါ့အခင်ဆုံးဖြစ်ခဲ့ဖူးတဲ့ သူငယ်ချင်းပုခုံးကို ဖက်ပြီး အတန်းထဲမှာ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံ ငါ့အမေသိမ်းထားတဲ့ အယ်ဘမ်အဟောင်းတွေထဲမှာ ရှိသေးတယ် ငါတို့နှစ်ကောင်လုံး အဖြူလက်တို ဘောင်းဘီရှည် အစိမ်းကိုယ်စီနဲ့ သွားကျိုးကလေးတွေပေါ့ အခုတော့ အဲ့ကောင်နာမည်တောင် ငါမမှတ်မိတော့ပါဘူး အဲဒီမြို့ထဲကျောင်းမှာ တစ်နှစ်ပဲတက်ပြီး ဝေးလို့ဆိုပြီး ငါ့အိမ်နားက ကျောင်းလေးကို ပြောင်းလာခဲ့ရတယ် ဘီအမ်ကျောင်းကားကြီးနဲ့ ကျောင်းတက်ခဲ့ရတဲ့ တစ်ခုတည်းသောနှစ်ပေါ့ ဘဝဟာ ရိုးရှင်းခဲ့တယ် ကျောင်းကားပေါ်ကဆင်းရင် ကျိုက္ကဆံလမ်းမကြီးကို ဖြတ်မကူးခင် ဆင်ကလေး ဂျမ်ဘိုတံဆိပ် အာလူးလုံးကြော်တစ်ထုပ် ဝယ်မယ် သောကြာညဆို ရုပ်ပြစာအုပ်ဆိုင် သွားပြီး ဆိုင်မှာတင် စာမြည်းသလိုလိုနဲ့ တစ်အုပ်ပြီးအောင် အမြန်ဖတ်ပြီး အိမ်ကို တစ်အုပ်ငှားသွားမယ် များသောအားဖြင့် ဘိုဘို တွတ်ပီ သမိန်ပေါသွပ်တွေကို မီးပျက်ညတွေမှာ ဖယောင်းတိုင်နဲ့ ကြိုးစားပမ်းစား ဖတ်ခဲ့တဲ့ ညတွေပေါ့ တစ်ခါတစ်ခါ မှတ်ဉာဏ်တွေရဲ့ ကြည်လင်ပြတ်သားမှုက အံ့သြတုန်လှုပ်စရာ ငါ မူလတန်းပြီးတဲ့အထိ တစ်ရက် ၂၅ ကျပ် မုန့်ဖိုးရတယ် မနက်ကျောင်းခေါင်းလောင်းမထိုးခင် ဒိုရေမီ အချိုရည်တစ်ထုပ်ကို နှစ်ဆယ်နဲ့ ဝယ်သောက်ပြီးရင် နေ့တိုင်း ငါ့အတွက် ငါးကျပ် ကျန်တယ် ယူရိုနှစ်ထောင်မှာ ပြင်သစ်နဲ့ အီတလီ ဗိုလ်လုတော့ ထရက်ဇီဂေးရဲ့ ရွှေဂိုးနဲ့ အချိန်ပိုမှာ နိုင်ပြီး ငါရမယ့် လောင်းကြေးငါးယူရိုကို ငါ့အဖေဆီက ခုထိမရသေးတာ ငါမှတ်မိတယ် အလယ်တန်းစတက်ဖို့ တာမွေ၅ ကို ပြောင်းတော့ ပထမဆုံးနေ့မှာတင် ငါကျောင်းနောက်ကျတယ် ဒါနဲ့ပဲ အနီအသင်းရဲ့ နောက်ဆုံးခုံတန်းမှာ အရိုးဘေးကတစ်ခုံလွတ်နေလို့ ငါဝင်ထိုင်တယ် အခုဆို ဒီကောင်ဆုံးတာ နှစ်နှစ်ကျော်ပြီ ငါ့သူငယ်ချင်း အရိုးကို သတိရတယ် တစ်ခါတစ်ခါ မှတ်ဉာဏ်တွေရဲ့ ကြည်လင်ပြတ်သားမှုက လွမ်းဆွတ်နာကျင်စရာ ကမ်းမမြင် လမ်းမမြင် အမှောင်နက်နက်ထဲမှာ ဘလက်ကော်ဖီကျကျကို တစ်ငုံချင်းသောက်ရင်း ဆယ်တန်းကျောင်းခန်းထဲမှာ ပြဌာန်းစာအုပ်တွေနဲ့ ပစ်ပေါက်စစ်တိုက်နေခဲ့ကြတဲ့ နေ့လည်ခင်းတစ်ခုကို ပြန်အမှတ်ရတယ် သာမန်စက္ကူမြားလေးတွေ ခေါက်ပြီး ဟိုဘက်ဒီဘက် ပစ်ဆော့နေကြတာက စတာပဲ နောက်တော့ စက္ကန့်ပိုင်းအတွင်း စာအုပ်တွေ လေထဲ ကျည်ဆံလို ပလူပျံဝဲကုန်တဲ့ တကယ့်စစ်ပွဲ အသွင်ပြောင်းသွားတော့တာပဲ အဲအချိန်က အဲဒီအခန်းထဲ ရှိခဲ့ကြတဲ့ အဲဒီကောင်တွေ တော်တော်များများ ဘယ်ရောက်ကုန်ကြတာ ဒါထက် အခု ငါကရော ဘယ်ကိုသွားနေတာ

ပိုင်ဉာဏ်
14th February, 2018

Comments

  1. ဆင်ကလေး ဂျမ်ဘိုက အာလူးလုံး မဟုတ်ပါဘူး

    ReplyDelete

Post a Comment

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

ပန်းပွင့်တွေရဲ့ဝေါ့လ်ဇ် (waltz of the flowers)