reality edges

အရှိတရားကမ်းပါးစွန်းများ
ငါ့ဘဝဟာ ပိုမိုနီးကပ်သွားနေတယ်
လမ်းပေါ် လက်ပြတားလိုက်တော့
နောက်ခန်းထဲမှာ ငါချစ်ရတဲ့သူမ ပါလာတယ်
မီးတောက်ပြာလဲ့နဲ့ ငါ့ကိုခေါ်ယူသွားမယ့် နေ့ည
အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့အရာတွေနဲ့ သူတို့ကနေတစ်ဆင့်
ရရှိလာတဲ့ ငါတို့အတွက် ဟာသပြက်လုံးများ
ရထားကို ဘယ်မှာမီရပါ့ ။ နိုင်ငံတော်သစ်ရဲ့ မီးခိုးတန်းရှည်
ပျက်ကျရတဲ့ ဘဝဆက်တိုင်းဟာ ပျော်စရာ
ငြှိမ်းရမယ့်မီးတောက်က ဘာလဲ ။ ပြီးတော့ ဘယ်မလဲ
ငါ ဒါမှမဟုတ် ငါ့အစားထိုးဇာတ်ကောင်က သံသရာကို
ယုံကြည်ဖူးတယ်တဲ့လား
သောကြာညလေထုဟာ မင်းထင်မှတ်မထားတဲ့
ငါ့ချစ်ခြင်းဇုန်မှာ ပိုမိုသိပ်သည်းမှန်း
ကိုယ်ဟာ လက်ချောင်းသုံးချောင်းနဲ့ အခြားကမ္ဘာသားပါ
ကံကြမ္မာကောမစ်ဆရာ အလိုကျအတိုင်း
တကယ့်အပ်ကြောင်းရာထပ်နေတဲ့ တကယ့် LP ဓာတ်ပြားတွေ
အမြဲစိမ်းတောအုပ်ဆီကနေ လိပ်ပြာတွေဆီ
မျက်နှာကြက်မှာ ၊ နံရံချပ်မှာ ၊
ငါ့ကို အမြစ်လိုစုပ်ယူထားတဲ့ ကြမ်းပြင်မှာ
ပင့်ကူမျှင်တွေဆီကရရှိတဲ့ ဝမ်းနည်းမှုလိုမျိုး
မင်းမသိနိုင်ပါဘူး ငါ့အရိပ်ဟာ ဘယ်သူဘယ်ဝါ
တံခါးကိုတွန်းဖွင့်နေတဲ့လက်တွေကပဲ လက်ကိုင်ဖြစ်သွားတာမျိုး
နှင်းဆီပွင့်တွေ အမြောက်အများနဲ့ အရှိတရားကို
ငါတို့ ဘယ်လောက်တောင် မုန်းလိုက်ပုံများ
မတူကွဲပြားတဲ့မြို့တွေရဲ့ အသက်ရှုသွင်းပုံ
အလွတ်ခုန်ဆင်းပုံ ။
နောက်တော့လည်း တကယ့်ဘဝမှာ တကယ့်အရှိတရားတွေနဲ့ ။
ငါ့ကျောပိုးအိတ်ထဲမှာ
မိုးမျှော်တိုက်တွေနဲ့ သူတို့ရဲ့ခေါင်မိုးမြင့်မြင့် ။


       ပိုင်ဉာဏ်
       15th May, 2016

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်