ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

အကယ်၍များ လမ်းမီးတိုင်အောက်ကလမ်းတွေ ကိုယ်တို့မျက်စိရှေ့မှာတင် ပျောက်ဆုံးသွားခဲ့မယ်ဆိုရင် ကိုယ်ဟာ ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့ပဲ မင်းဘဝလို့ အရင်ဘဝပေါင်းများစွာက မှတ်ယူလာခဲ့သလိုမျိုး ယူဆမိလာမယ် မင်းမပြောဖြစ်တဲ့ ဘာသာစကားဟာ ကိုယ့်အနာဂတ်ဘဝက ဘာသာစကားပဲ ကိုယ်ဟာ ခေါင်မိုးကိုစင်ပြီး ကိုယ့်ပေါ် တဖွားဖွားကျလာတဲ့ မိုးစက်မှုန်တွေကို မင်းအမှတ်နဲ့ ခပ်ဖွဖွနမ်းမယ် ကိုယ့်မျက်လုံးတွေအတွက်ပဲဆိုပြီး မင်းဝတ်လာတဲ့ အနက်ရောင် ချည်ထည်အင်္ကျီလေးကို မိုးဖွဲကျနေတဲ့ ပါရီမြို့လို ကိုယ်ငေးမယ် french press ကို ကိုယ်သောက်တိုင်းမှာ အပင်အိမ်လေးရဲ့ ခုံတန်းရှည်တစ်ခုကို သွားသတိရလာမယ် အဲဒီနေ့က မိုးပေါက်တွေ ကျလာတော့မှ ကိုယ် ဆိုင်ထဲ ပြေးဝင်လာခဲ့တာ ကိုယ့်မှတ်ဉာဏ်ထပ်ခိုးဆီ ပြေးတက်လာပြီး မင်းကို စာအုပ်ဗီရိုနောက်မှာ ရှာတွေ့ခဲ့တာ ဆိုတာကိုရောပေါ့

အကယ်၍များ ကိုယ်တို့ရဲ့ စုစုပေါင်း တိုင်းပြည်ချစ်စိတ်ဟာ မင်းအပေါ်ထားတဲ့ ကိုယ့်သံသရာလောက် မရှည်လျားနိုင်တဲ့အခါ ကိုယ်တို့အတူမျှသောက်ခဲ့တဲ့ မာလ်ဘိုရိုတစ်လိပ်ကို ဝေးခဲ့ပြီ ပန်းခရမ်းပြာရေဆိုပြီး ကိုယ်တအားလွမ်းလာမယ် ကိုယ့်ကော်ဖီခွက်ကို ကိုယ်တို့ရဲ့ ဒီစောက်တိုင်းပြည်အမှတ်နဲ့ နံရံဆီ အားကုန်လွှဲ ပစ်ပေါက်မိမယ် ကိုယ်တို့ဟာ ပြည်ထောင်စုကြီး ပြိုကွဲစေချင်နေတဲ့ လူနှစ်ယောက်လေ ကိုယ်တို့သံသရာတွေ နောက်ပြန်လှည့်နိုင်ဖို့ ကိုယ်ဘာပေးရမလဲ ဒီလို မင်းနဲ့ကိုယ့်ရဲ့ အချိန်ကာလ လည်ပတ်မှုနှုန်းကို ကိုယ့်စိတ်ထဲကနေ ဆဲရေးတိုင်းထွာမိမယ် နောက်ပြီး ကိုယ် မင်းကြားအောင် ဆဲရေးတိုင်းထွာမိမယ် ကိုယ်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ခွက်ထိုးခွက်လန် လက်ညှိုးထိုး ရယ်မိကြမယ် ဒီလိုနဲ့ပဲ မင်းအတောင်ပံတွေကို ကိုယ့်လက်နဲ့ ထိလိုက်တဲ့အခါ ကိုယ့်ဘဝဟာ ကိုယ့်ဘဝ ဘယ်ဟုတ်ပါတော့မလဲကွယ်


ပိုင်ဉာဏ်

25th Jun, 2022

Comments

Popular posts from this blog

စက္ကူမြို့ရဲ့ အနီရောင်နှင်းဆီပန်းတွေအတွက် အချစ်ကဗျာတစ်ပုဒ်

letter on dunes

ပန်းပွင့်တွေရဲ့ဝေါ့လ်ဇ် (waltz of the flowers)