letter on dunes

ဒီလိုညတွေရဲ့ ဒီလိုလရောင်အောက်မှာ မင်းကိုယ့်ဘက်ကို စောင်းငဲ့ကြည့်လိုက်ဖို့ရာအကြောင်းပဲ ကိုယ်တွေးနေမိတယ် ။ ပြီးတော့ လာဗင်ဒါခင်းတွေပေါ့ ။ ကိုယ်တို့ အလည်အပတ်သွားတဲ့အခါ မြင်ရမယ့် သူတို့ရဲ့ သွေးရည်စက်လက်ပုံပြင်တွေပေါ့ ။ သူတို့အစား အဲဒီလိုညတွေကို ကိုယ်တို့ ဘယ်လို ဖြတ်သန်းကြသလဲ ။ ကိုယ်တို့အစားရော သူတို့ ဘယ်လိုဖြတ်သန်းကြမလဲ ။ ဒီလိုမျိုး ကိုယ်ဟာ ငိုကြွေးနေတဲ့ ဂစ်တာတစ်လက်ဆို မင်းဟာ ဘီတဲလ်စ်သီချင်းထဲက အနက်ရောင်ငှက်တစ်ကောင် ဖြစ်မယ် ။ ဒါမှမဟုတ် ကိုယ်က ပစ်ကျင်းတစ်ခုကို မောကြီးပန်းကြီး တူးနေမယ် ။ ပင့်ကူတစ်ကောင် အယောင်ဆောင်ပြီး မင်းက ကိုယ့်ပခုံးပေါ် တရွရွတက်လာမယ် ။ နောက်တစ်နေ့ကို မမြင်ရတဲ့အထိ ကိုယ်ဟာ နေနဲ့အနီးဆုံးအထိ ပျံသန်းသွားမယ် ။ ဒါဟာ လာဗင်ဒါခင်းတွေဆီ ရောက်တဲ့အခါမှာ ပေါ်လာမယ့် ကိုယ်တို့ရဲ့ မျက်ရည်စက်လက်ပုံပြင်တွေပေါ့ ။ ဒါဟာ ကြယ်တွေရဲ့တစ်လျှောက်က ပင့်ကူတွေလို တောက်လောင်ကျွမ်းသွားတဲ့ ရိုမန်ဖယောင်းတိုင်တွေဆိုတဲ့ ဂျက်ကဲရိုးအက်ရဲ့ စာတစ်ကြောင်းကို ကိုယ်သတိရလာပုံပေါ့ ။ ပြောပြောဆိုဆိုပဲ မင်းက ဖယောင်းတိုင်မီးတောက်ကို လက်နဲ့ဖျစ်ပြီး ငြှိမ်းလိုက်တဲ့အခါ သူ့အလင်းဟာ မင်းကိုယ်ပေါ် အပြိုင်စကြဝဠာတစ်ခုလို ဆန့်ထွက်ဖြာကျလို့ ။ အဲဒီအလင်းနဲ့ အဲဒီပုံရိပ်ကို ကိုယ့်မှာ ပြာတွေကြားထဲ အထပ်ထပ် သိမ်းဆည်းလို့ ။ အချိန်တစ်ခုမှာ ကိုယ်တို့ဟာ အလုံလမ်းပေါ်ကနေ ဖြတ်သွားဖြတ်လာ ကားမီးရောင်တွေကို ငေးလို့ ။ ရှေ့နောက် စဉ်မရတဲ့ နောက်အချိန်တစ်ခုမှာ ကိုယ်တို့ရဲ့ ပူပန်သောကတွေကို တယ်လီဖုန်းရုံထဲထည့်ပြီး နောက်ကမ္ဘာတစ်ခုဆီ တင်လွှတ်လို့ ။ လမ်းဟာ အုတ်နီနီတွေအပြည့် ။ နေဟာ ပန်းဝါဝါတွေအပြည့် ။ မနေ့ကတွေဟာ ညိုမှိုင်းကောင်းကင်အပြည့် ။ ဒါဟာ ဒီနေ့နဲ့ပါဆို ခြောက်အသင်္ချေနဲ့ ရှစ်ရက်ရှိလာတဲ့ မင်းရဲ့အသက်ရှူသံနဲ့ ကိုယ့်ရဲ့ည ဖြစ်တယ် ။ နောက်ပြီး ဒါဟာ ကိုယ်ဘယ်လောက် လွမ်းနေပါပြီ ဆိုတဲ့အကြောင်း ရေးထားတဲ့ သဲပေါ်ကစာကို မင်းဆီ လိပ်မူပေးပို့ဖို့ ကြိုးစားနေခြင်းပဲ ဖြစ်တယ် ။


ပိုင်ဉာဏ်

6th September, 2022

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်