စက္ကူမြို့ရဲ့ အနီရောင်နှင်းဆီပန်းတွေအတွက် အချစ်ကဗျာတစ်ပုဒ်

နေရောင်အောက်က မြားတွေ

စက္ကူမြို့ဆီရောက်ဖို့ လိုအပ်မယ့် ခရီးအကွာအဝေး အတိုင်းအဆကို 

ကိုယ်မခန့်မှန်းတတ်ဘူး 

အချိန်ကာလရဲ့ တဖြောင့်တည်း စီးဆင်းနိုင်စွမ်းနဲ့ 

တစ်ချိန်တည်းမှာ အဆက်မပြတ် လည်ပတ်နိုင်စွမ်းကို 

ကိုယ်နားမလည်ဘူး 

ကိုယ်တို့ကြားထဲမှာ မြင့်မားမတ်စောက်နေခဲ့တဲ့ တောင်တန်းတွေရဲ့ 

အမည်နာမနဲ့ ဘာသာဗေဒကိုလည်း ကိုယ်မသိခဲ့ဘူး 

ကိုယ်သိတာက 

ကိုယ်ပေးပို့လိုက်ပေမယ့် မင်းဆီမရောက်ခဲ့တဲ့ နှင်းဆီအနီတွေဟာ 

နှင်းမှုန်အဖြူတွေအဖြစ်နဲ့ ကိုယ်တို့မြို့ရဲ့ အပူပြင်းဆုံး နွေရာသီဆီကိုမှ 

ဆိုက်ဆိုက်မြိက်မြိုက် ပြန်လည်ကျဆင်းလာတာ 

ကိုယ်သဘောပေါက်လာတာက 

မင်းကြုံတွေ့ခဲ့ရသမျှ အဖြစ်သနစ်တွေဟာ

ကိုယ့်ခြေထောက်တွေကို ဆွဲစုပ်ယူထားတဲ့ အမြစ်နက်နက်တွေ ဖြစ်နေတာ 

ကိုယ်မျှော်လင့်မထားဆုံး အချိန်မှာမှ 

ဟော့ဘ်စ်ရဲ့ တောကြီးမျက်မည်းတွေဆီကနေ 

မင်းပြန်လာတာ 

ပြန်လာနိုင်ခဲ့တာ 

ပြီးတော့ ကိုယ့်ကို ဝုန်းဆို ပြေးဖက်ခဲ့တာ 

မင်းလက်သွယ်လျတွေနဲ့ ကိုယ့်ဆံပင်တွေကို ကိုင်တွယ်ခဲ့တာ

ကိုယ် ဇင်ဆရာတော်တစ်ပါးလို အလေးအနက် တွေးမိတယ်

ဒီအလင်းဟာ ဘယ်လိုအလင်းဖြစ်ပြီး ဒီနှင်းဟာ ဘယ်လိုနှင်းမျိုးလဲ

ဒီလိုအလင်းရောင်တွေ တစ်တန်းပြီးတစ်တန်း စိုက်ဆင်းနေတဲ့ ကာလတရားထဲ 

ကိုယ်တို့ဟာ တွင်းနက်ဆီ အကြားအလပ်မရှိ ပျက်ကျနေတဲ့ လေတွေ 

ဗာဗယ်ဒီရဲ့ ဆောင်းရာသီ သီချင်းကြီးကို နားထောင်နေရင်း 

ကိုယ်တို့ဟာ အပြာရောင်မိုးသားထဲ တိုးဝင်သွားနေတဲ့ တိမ်တွေ 

ဘယ်လိုဆိပ်ကမ်းမျိုးတွေဆီကိုပဲ ဦးတည်နေနေ 

အခုလိုမှတ်ဉာဏ်တွေဟာ ကိုယ်တို့အမြဲတစေ သိမ်းဆည်းထားရမယ့် ရေတွေ

ဒီအလင်းဟာ ဘယ်လိုအလင်းဖြစ်ပြီး ဒီနှင်းဟာ ဘယ်လိုနှင်းမျိုးလဲ

အမြဲလိုလို ကိုယ်တို့နှစ်ယောက်ကြား မျှသောက်နေကျ ဆေးလိပ်ငွေ့တွေကို

အဝါရောင် နေကြာပန်းခင်းတွေလို ကိုယ်ပျိုးထားမိတယ်

မင်းမျက်ဝန်းနောက်က အရောင်တွေကို တွန်းထိုးပြီး တိုက်လာတဲ့လေက

ကိုယ်တစ်ယောက်တည်း ရှိနေခဲ့ရတဲ့ ပင်လယ်ပြင်ကညတွေကို အမှတ်ရစေတယ်

စက္ကူမြို့ရဲ့ ဟောင်းလောင်းပေါက်လမ်းမတွေကို ဖြတ်ကျော်ပြီး

ကိုယ်တို့အသက်တာက ကမ်းပါးစွန်းဆီ တရွေ့ရွေ့ တိုးကပ်သွားနေတော့

ကိုယ်တို့ကိုယ်ကိုယ်တို့ ပျောက်ဆုံးပြီးမှ ပြန်လည်ရှာတွေ့ခဲ့တဲ့ အခိုက်အတန့်ကို

အဖြူရောင်မီးပြ ဒါမှမဟုတ် လိပ်ပြာဝါဒီတစ်ဦးရဲ့သီချင်းလို့

ကိုယ်အမည်ပေးထားမိတယ်

မင်းရဲ့နွေးထွေးနိုင်မှုထဲမှာ ကိုယ်တိတ်ဆိတ်ငြိမ်သက်နေမိပါတယ်

ဒီအလင်းဟာ ဘယ်လိုအလင်းဖြစ်ပြီး ဒီနှင်းဟာ ဘယ်လိုနှင်းမျိုးလဲ

မေးခွန်းတိုင်းဟာ စောပြီး မေးခွန်းတိုင်းဟာ နောက်ကျနေခဲ့တယ်

ကိုယ်တို့အတူနားထောင်နေကျ သီချင်းတွေ

စက္ကူမြို့ဆီ မရောက်ခင်မှာပဲ

မင်းလက်ဖဝါးဟာ ကိုယ့်လက်ဖဝါးထဲ ပျော်ဝင်ပူးကပ်သွားမှာ

လရောင်လမ်းမီးအောက်မှာ ကိုယ်တို့ဟာ နှေးနှေးလေး ကနေမှာ

ပြီးတော့ ကိုယ်ဟာ နှင်းဆီအနီပွင့်တွေကို တင်းတင်းကျပ်ကျပ် ဖက်ထားမိမှာ



ပိုင်ဉာဏ်

21st May, 2023

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ပန်းပွင့်တွေရဲ့ဝေါ့လ်ဇ် (waltz of the flowers)

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ