Posts

Showing posts with the label Poetry

ပန်းပွင့်တွေရဲ့ဝေါ့လ်ဇ် (waltz of the flowers)

ဒီလိုညမျိုးမှာမှ ချိုင်ကော့ဗ်စကီးရဲ့ ပန်းပွင့်တွေရဲ့ဝေါ့လ်ဇ်ကို ဖွင့်မိလျက်သား ဖြစ်နေတော့ မြူငွေ့တွေကြားထဲ မင်းက ဂါဝန်အနားစတွေကို ဝိုင်းကနဲ လှည့်လှည့်ပြီး ကိုယ့်သံသရာဆီ တဖြည်းဖြည်း တိုးဝင်လာတာ ပန်းပွင့်တွေသာ ဂီတသံတွေအဖြစ်နဲ့ ရှင်ပြန်ထမြောက်မယ်ဆို မင်းဟာ ငှက်တောင်မွေးတစ်စလို ဆွဲအားအထပ်ထပ်ကို ဖြတ်သန်းရှောင်ကွင်းပြီးမှ ကမ္ဘာဆီ ရောက်ရှိလာရတဲ့ အလင်းမျှင်တန်းလို ကာလတရားဟာ ကိုယ်တို့ကို ချောက်ချားစေနိုင်သလောက် ဒီအဖြစ်ဟာ ကိုယ့်ကိုယ်ကိုယ်တောင် အံ့ဩရတဲ့ ဆန်းကြယ်မှုပဲ ဒီလိုမျိုး ကိုယ်ဟာ အဲဒီအခိုက်အတန့်ကစပြီး အရာရာကို အနှေးပြကွက်အနေနဲ့ပဲ မြင်တော့တာ ရေတွေအကုန် လွှမ်းသွားပြီးရင် ဒီကမ္ဘာမှာ ကိုယ်မပေးရသေးတဲ့ ပန်းပွင့်တွေပဲ တင်ကျန်ခဲ့မှာ ပိုင်ဉာဏ် 14th February, 2023

letter on dunes

ဒီလိုညတွေရဲ့ ဒီလိုလရောင်အောက်မှာ မင်းကိုယ့်ဘက်ကို စောင်းငဲ့ကြည့်လိုက်ဖို့ရာအကြောင်းပဲ ကိုယ်တွေးနေမိတယ် ။ ပြီးတော့ လာဗင်ဒါခင်းတွေပေါ့ ။ ကိုယ်တို့ အလည်အပတ်သွားတဲ့အခါ မြင်ရမယ့် သူတို့ရဲ့ သွေးရည်စက်လက်ပုံပြင်တွေပေါ့ ။ သူတို့အစား အဲဒီလိုညတွေကို ကိုယ်တို့ ဘယ်လို ဖြတ်သန်းကြသလဲ ။ ကိုယ်တို့အစားရော သူတို့ ဘယ်လိုဖြတ်သန်းကြမလဲ ။ ဒီလိုမျိုး ကိုယ်ဟာ ငိုကြွေးနေတဲ့ ဂစ်တာတစ်လက်ဆို မင်းဟာ ဘီတဲလ်စ်သီချင်းထဲက အနက်ရောင်ငှက်တစ်ကောင် ဖြစ်မယ် ။ ဒါမှမဟုတ် ကိုယ်က ပစ်ကျင်းတစ်ခုကို မောကြီးပန်းကြီး တူးနေမယ် ။ ပင့်ကူတစ်ကောင် အယောင်ဆောင်ပြီး မင်းက ကိုယ့်ပခုံးပေါ် တရွရွတက်လာမယ် ။ နောက်တစ်နေ့ကို မမြင်ရတဲ့အထိ ကိုယ်ဟာ နေနဲ့အနီးဆုံးအထိ ပျံသန်းသွားမယ် ။ ဒါဟာ လာဗင်ဒါခင်းတွေဆီ ရောက်တဲ့အခါမှာ ပေါ်လာမယ့် ကိုယ်တို့ရဲ့ မျက်ရည်စက်လက်ပုံပြင်တွေပေါ့ ။ ဒါဟာ ကြယ်တွေရဲ့တစ်လျှောက်က ပင့်ကူတွေလို တောက်လောင်ကျွမ်းသွားတဲ့ ရိုမန်ဖယောင်းတိုင်တွေဆိုတဲ့ ဂျက်ကဲရိုးအက်ရဲ့ စာတစ်ကြောင်းကို ကိုယ်သတိရလာပုံပေါ့ ။ ပြောပြောဆိုဆိုပဲ မင်းက ဖယောင်းတိုင်မီးတောက်ကို လက်နဲ့ဖျစ်ပြီး ငြှိမ်းလိုက်တဲ့အခါ သူ့အလင်းဟာ မင်းကိုယ်ပေါ် အပြိုင်စကြဝဠာတစ်ခုလို ဆန့်ထွက်ဖြ...

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

အကယ်၍များ လမ်းမီးတိုင်အောက်ကလမ်းတွေ ကိုယ်တို့မျက်စိရှေ့မှာတင် ပျောက်ဆုံးသွားခဲ့မယ်ဆိုရင် ကိုယ်ဟာ ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့ပဲ မင်းဘဝလို့ အရင်ဘဝပေါင်းများစွာက မှတ်ယူလာခဲ့သလိုမျိုး ယူဆမိလာမယ် မင်းမပြောဖြစ်တဲ့ ဘာသာစကားဟာ ကိုယ့်အနာဂတ်ဘဝက ဘာသာစကားပဲ ကိုယ်ဟာ ခေါင်မိုးကိုစင်ပြီး ကိုယ့်ပေါ် တဖွားဖွားကျလာတဲ့ မိုးစက်မှုန်တွေကို မင်းအမှတ်နဲ့ ခပ်ဖွဖွနမ်းမယ် ကိုယ့်မျက်လုံးတွေအတွက်ပဲဆိုပြီး မင်းဝတ်လာတဲ့ အနက်ရောင် ချည်ထည်အင်္ကျီလေးကို မိုးဖွဲကျနေတဲ့ ပါရီမြို့လို ကိုယ်ငေးမယ် french press ကို ကိုယ်သောက်တိုင်းမှာ အပင်အိမ်လေးရဲ့ ခုံတန်းရှည်တစ်ခုကို သွားသတိရလာမယ် အဲဒီနေ့က မိုးပေါက်တွေ ကျလာတော့မှ ကိုယ် ဆိုင်ထဲ ပြေးဝင်လာခဲ့တာ ကိုယ့်မှတ်ဉာဏ်ထပ်ခိုးဆီ ပြေးတက်လာပြီး မင်းကို စာအုပ်ဗီရိုနောက်မှာ ရှာတွေ့ခဲ့တာ ဆိုတာကိုရောပေါ့ အကယ်၍များ ကိုယ်တို့ရဲ့ စုစုပေါင်း တိုင်းပြည်ချစ်စိတ်ဟာ မင်းအပေါ်ထားတဲ့ ကိုယ့်သံသရာလောက် မရှည်လျားနိုင်တဲ့အခါ ကိုယ်တို့အတူမျှသောက်ခဲ့တဲ့ မာလ်ဘိုရိုတစ်လိပ်ကို ဝေးခဲ့ပြီ ပန်းခရမ်းပြာရေဆိုပြီး ကိုယ်တအားလွမ်းလာမယ် ကိုယ့်ကော်ဖီခွက်ကို ကိုယ်တို့ရဲ့ ဒီစောက်တိုင်းပြည်အမှတ်နဲ့ နံရံဆီ အားကုန်လွှဲ...

where my rosemary goes*

ငါ မျက်လုံးတွေကို မမှိတ်ချင်သေးပဲ မင်းမျက်ခွံတွေကို နမ်းတဲ့အခါ နီတဲ့သွေး ရဲရင့်လို့ ငါကညည်းမိတော့ ရန်သူ မင်းရှေ့ကို ချီတက်ခဲ့ပြီ မင်းက လိုက်ညည်းတဲ့အခါ အချိန်ကာလက သူ့ရဲ့အပြစ်စိတ်ကို ငါတို့ကိုယ်ပေါ်အနှံ့ အန်ထုတ်ပစ်ခဲ့ သူ့ရဲ့ကျောရိုးကို တစ်ဆစ်ချင်းစီ သူကိုယ်တိုင် စိတ်ရှည်လက်ရှည် ထိုင်ဖြုတ်ပြီး မြို့အနှံ့ ကြဲချထားခဲ့ ဒီလိုကျောရိုးမဲ့ညရဲ့ ဒီလိုအမှောင်ထုထဲ အသံတစ်စက်မထွက်ပဲ ငါတို့လက်တွေ ကျစ်ကျစ်ဆုပ်ပြီး အားတင်းကျော်ဖြတ်ခဲ့တာ ငါတို့ကျောချင်းကပ်ပြီး ဓားရှည်တွေကို အဆက်မပြတ် ဝှေ့ယမ်း ခုခံခဲ့တာ အကယ်၍များ ငါ့လက်ထဲက မင်းယူသောက်တဲ့ စီးကရက်တစ်လိပ်ကနေ ပန်းတွေပွင့်လာမယ်ဆိုရင် အဲဒီပန်းတွေဟာ အဝါရောင် dandelion တွေ ဖြစ်မယ် ပြတင်းတံခါးတစ်ခု ပွင့်သွားပြီး အဲဒီကနေ ခုန်ချထွက်ပြေးသွားမယ့် ကွင်းပြင်တစ်ခု ရှိမယ်ဆိုရင် အဲဒီကွင်းပြင်ဟာ ငါ့လက်ဖဝါးထဲမှာ လုံခြုံနေမယ့် မင်းရဲ့ လက်ချောင်းရှည်ရှည်လေးတွေ ဖြစ်မယ် ဒီလိုအရာရာတိုင်းကို ငါ့ပေါ်တစက်စက်ကျနေတဲ့ မိုးပေါက်တွေရဲ့ အိမ်အပြန်လမ်းဆီ ထည့်ပေးလိုက်ဖို့ ဒီလိုနေရာတိုင်းကို တစ္ဆေတစ်ကောင်လို ငါ့ကျောပိုးအိတ်ထဲ ထည့်ထားပြီး သေလွန်သူတွေရဲ့မြို့ကို သွားဖို့ လမ်းပေါ်လက်ပြ တားလိုက်တေ...

စောင့်ဆိုင်းရခြင်းရဲ့ အချက်ပြမီးကျည်

မီးကျည်ကို အတောက်ပဆုံး မြင်နိုင်ဖို့ ညပင်လယ်ပြင်မှာ ငါတို့တစ်ဘဝလုံး ကုန်ဆုံးခဲ့တယ် ပြီးတော့ ရက်နောက်တစ်ရက်ကို အပိုင်းပိုင်းအပြတ်ပြတ် တွေ့နိုင်တဲ့နေရာအထိ ငါတို့ အမြဲပြန်လာတယ် မီးကျည်ဟာ ချစ်ရသူရဲ့ ဆံထိုးအသွယ်သွယ်ကို ကိုယ်မှာလွယ်ပြီး မြို့ရဲ့အထက်ကို ထိုးတက်သွားတယ် ငါတို့ရဲ့ခေါင်းတွေ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားတဲ့အချိန်ကို ငါတို့ကိုယ်တိုင် မျှော်လင့်နေခဲ့ရတဲ့အဖြစ် မီးကျည် အဝေးအရပ်ဆီ သယ်ဆောင်သွားတာ လူထုရဲ့ စောင့်ဆိုင်းလွန်စိတ်ဝေဒနာပဲ ဖြစ်တယ် ငါတို့ နားစိုက်ထောင်မှ ကြားရမဲ့ ဆွဲဆွဲငင်ငင်အူသံကို အနာဂတ်နိုင်ငံတော်သစ်လို့ ခေါ်တွင်တယ် မီးကျည်ရဲ့အတိတ်ကို ကာလတရားမဲ့ ကျောက်တုံးတစ်တုံးအဖြစ် သတ်မှတ်ပေးဖို့ ငါစဉ်းစားထားတယ် တိုက်ပွဲရဲ့ ပုံပန်းသဏ္ဍာန်ကို ငါတို့ ဘယ်လောက်ဝေးဝေး ပြေးနိုင်လဲဆိုတာနဲ့ တိုင်းတာတယ် မိုးပေါက်တွေကျလာတော့ မီးကျည်တွေ အဆက်မပြတ်ပစ်ပြီး ညရဲ့ထုထည်ကို ငါတို့ ခုခံတိုက်ခိုက်တယ် အချိန်ချက်ကြိုးကို ရအောင်ဖြတ်ပြီး မြို့တံတိုင်းဘေးအထိရောက်အောင် ငါတို့သွားတယ် ညရဲ့အစုပြမှတ်ဉာဏ်ထဲမှာ ငါတို့ဟာ ဒီနေ့ပဲ မီးလောင်ပြင်ထဲ သေဆုံးတော့မဲ့ ရုပ်ကြွင်းစုတွေ ပြာကျသွားပြီးတဲ့ အချိန်မှာမှ ငါတို့တွေအ...

အရှိတရားကမ်းပါးစွန်းများအတွက် အချစ်ကဗျာတစ်ပုဒ်

အရှိတရားကမ်းပါးစွန်းများ ညဟာ ခုခံသူမှန်သမျှကို အဆုံးစွန်ထိ ချေမှုန်းပစ်တယ် သွေးအတိပြီးတဲ့ ရန်ကုန်မြို့ကြီးကို နှင်းဆီတစ်ရှိုက်နဲ့ ရမ်တစ်ခွက်နဲ့ အသက်ဆက်ဖို့ ဝေးသူတို့ရဲ့ ပိန်းပိတ်အမှောင်ထုထဲမှာ တိတ်တဆိတ် ငါနေထိုင်နေပုံ နောက်ပြီး မနက်နေရောင်က မင်းမျက်ခွံတွေအပေါ် တအိအိ ထိုးစိုက်ဆင်းလာပုံ ဒီလိုတော်လှန်ရေးတိုင်းကို ချစ်ရသူရဲ့ ရင်သားတွေလို ငါပျော်ရွှင်ပါတယ် အကယ်၍ ငါတို့ပျောက်ဆုံးသွားမယ်ဆိုရင် တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေထဲမှာ ငါတို့ရဲ့ လူလုပ်မှတ်ဉာဏ်တွေကို ပြန်မတွေ့တွေ့အောင် ရှာပါ သောကြာညကောင်းကင်အပြည့် လိပ်ပြာအသေတွေချည်း ခင်းထားတဲ့ သဲကန္တာရပေါ် ငါ အရည်မရ အဖတ်မရ ဖြတ်လျှောက်တော့ နာရီလက်တံတွေဟာ သမိုင်းစက်ဝန်းပြောင်းပြန်အတိုင်း အရူးအမူး လည်ပတ်နေပြီး အမိုးပေါ် တဖျောက်ဖျောက်ကျလာတဲ့ မိုးနှင်းပေါက်တွေဟာ နယ်ဝေးခေါ်ဆိုမှုတစ်ခုကို ထပ်ခါတလဲလဲ ပြုလုပ်နေပြီး မနက် ၃ နာရီဆိုတဲ့အချိန်ဟာ ငါ့လက်ထဲကနေ လျှောတိုက်ဆင်းသွားပြီး မင်း မမက်ရသေးတဲ့ အိပ်မက်တွေဆီ အရောက်ချီတက် လာနေလေရဲ့ ဒီလိုပါ ဒီမနက် မိုးတွေကျလာပုံက စမ်းချောင်းညရဲ့ တက္ကစီတစ်စီးပေါ်က မွတ်သိပ်အနမ်းတွေ တဖြည်းဖြည်းနဲ့ တောက်ပလာခဲ့သလိုမ...

နိုင်ငံတော်သစ်အတွက် သတင်းစကား

စက်ဘီးလမ်းကြောင်း ပေးထားတဲ့ အဝါရောင်မျဉ်းအတိုင်း လိုက်သွားမယ်ဆိုရင် မင်းအရင်ဆုံး မြင်ရမှာက မိုးထဲရေထဲမှာ အနက်ရောင် ထီးရှည်တစ်လက်ကို လက်ကကိုင်ထားတဲ့ မိုးရေစက်လက် ငါ့တိုင်းပြည် ဒီလို ငါ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းကို ပင်လယ်ပြင်မှာ ကုန်ဆုံးခဲ့ပြီး ငါ့အချစ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ဟင်းလင်းပြင်မှာ ပျောက်ဆုံးခဲ့ပြီး ယန်စီမြစ်ဆီက ဘာမှမရလို့ ကိုစုန်းရေးခဲ့သလို ငါ ဒီတိုင်းပြည်ဆီက ဘာမှမရခဲ့တဲ့အပြင် အေဂျီယန်ပင်လယ်ဆီက ဘာမှမရ မြောက်ပင်လယ်ဆီက ဘာမှမရ နောက်ဆုံး ငါ့ကို အိမ်အရပ်ဆီ ပြန်ပို့ပေးခဲ့တဲ့ မစ္စစ္စပီမြစ်ကြီးဆီကတောင်ငါ ဘာမှမရခဲ့ပေမယ့် အချိန်ကျပြီဆိုပြီး တော်လှန်ရေးပန်းခြံရှေ့မှာ တောက်ထုတ်လိုက်တဲ့ ငါ့ဆေးလိပ်တို အစီခံဟာ သုံးဆယ့်သုံးနှစ် ကြာပြီးမှ ကျည်ဆန်ခွံအဖြစ် ကျောက်မြောင်းလမ်းဆုံက မီးခိုးငွေ့တွေကြားထဲ ပြန်ပေါ်လာတယ် တစ်နေ့လုံးတစ်ညလုံးမအိပ်ပဲ သတင်းစကားတစ်ခုကို ငါတို့ ချစ်သူကိုပွေ့သလို သယ်ယူခဲ့ရ အဲဒီသတင်းစကားတစ်ခုကပဲ ငါတို့ဘဝတွေကို ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားစေတာ သစ်ဆွေးတစ်တုံးလို တမြေ့မြေ့ လောင်ကျွမ်းသွားစေတာ နွေဦးပန်းတွေ ပွင့်ဝေလာမယ့်အချိန်ကို ငါတို့အသက်တွေနဲ့ရင်းပြီး စောင့်မျှော်နေရတာ ပိုင်ဉာဏ် 5th J...

တကယ်လို့များ ဒီညမှာ တံခါးဖွင့်ပြီး ဘုရားပွင့်ခဲ့မယ်ဆိုရင်

တကယ်လို့များ ဒီညမှာ တံခါးဖွင့်ပြီး ဘုရားပွင့်ခဲ့မယ်ဆိုရင် မင်းလုပ်ရမှာက ကိုယ့်နှုတ်ခမ်းကိုယ် သွေးစိမ်းရှင်ရှင် ထွက်တဲ့အထိ ဖိကိုက်ထားဖို့ပဲ မင်းချစ်သူကတော့ မင်းကိုပြောမှာပေါ့ လာပါအချစ်ရယ် ကိုယ်တို့ ဆူးလေလမ်းဆုံ လူကူးကုန်းကျော် လေးဖက်လေးတန်ရဲ့ အလယ်တည့်တည့်မှာ တစ်ယောက်ကိုတစ်ယောက် တင်းတင်းဖက်ထားပြီး စောက်ရူးထရအောင် ဆိုပြီးတော့ပေါ့ ညမီးကြီးအောက်မှာ သွေးနဲ့ ပြောင်လက်နေတဲ့ ကတ္တရာလမ်းမတွေ လှည်းတန်းရဲ့ လူအုပ်ကြီးက တက္ကသိုလ်ရိပ်သာလမ်းပေါ် လျှံကျပြီး ဘယ်ရီဂိတ်တွေကို ဖောက်ထွက်ဖို့ သူတို့ကိုယ်တွေနဲ့ တွန်းတိုက်ကြိုးစားနေကြတုန်းမှာ သံသရာဆိုတာ စောက်ရူးအသားကုန်ထခြင်းပဲလို့ ဘုရားက ငါ့ကို ကပ်တိုးလေး ဟောတော်မူတယ် မိုးခုနစ်ကြိမ်ကျ နွေရှစ်ကြိမ်တောက်ပြီးတဲ့ အခါမှာမှ ငါ့ရင်ဝကို ခြေစုံကန်သွားတဲ့ မိန်းမတွေ သူတို့စိတ်မပါပါပဲနဲ့ ကျွတ်တမ်းဝင်တော်မူတယ် တကယ်လို့များ ဒီညရဲ့ ရှည်ကြာချိန်က ဂင်္ဂါဝါဠု သဲစုမက ဖြစ်လာပြီဆို ဘိတ်မှာရှိတဲ့ ငါ့ကောင်တစ်ကောင်ဆီက ဘက်ဟိုးတစ်စီး ငှားပါ ညကို တစ်ကော်ချင်းစီ ကော်ပြီးတိုင်း အင်းလျားကန်ထဲ ပြည်လမ်းကန်ဘောင်ပေါ်ကနေ ပစ်ချပါ တစ်ရှူးစကို အနေတော်ဖြတ်ယူပြီးရင် သုံးခေါက်ခေါက်ပြီး ဘီယာခွက်အောက်ခ...

အိမ်အရပ်ဆီ မျက်နှာမူထားကြသူတွေအတွက် အချစ်ကဗျာတစ်ပုဒ်

ရန်ကုန်မြို့ကြီးရဲ့ချစ်ရသူတွေ သူ့ဆီကနေ တစ်ယောက်ပြီးတစ်ယောက် အလျှိုလျှို ထွက်ခွာသွားရတော့ မြို့ဟာ ညရဲ့အမှောင်ထုထဲ ဦးတည်ရာမဲ့ ပစ်လွှတ်ခံလိုက်ရတဲ့ မီးကျည်အတွေလို ကိုယ့်အရေပြားကို ချုပ်စက်ပေါ်မှာ ကိုယ်တိုင်လွှာပြီး ကျန်ရစ်ခဲ့သူတွေအပေါ် အနွေးဓာတ်ကို သူ့အသက်နဲ့ရင်းပြီး လွှားတင်ပေးခဲ့ ကြယ်တွေမှာ ကိုယ်ပိုင်နာမည်တွေ ရှိကြပြီး အရပ်မျက်နှာတွေမှာ ကိုယ်ပိုင်မှတ်ဉာဏ်တွေ ရှိကြပြီး ငါတို့အားလုံးရဲ့ ကိုယ်ပိုင်အမှတ်တွေဆီ အရောက်မှာ မီးလင်းအိမ်တွေကို မှိတ်ချလိုက်ချိန်မှာ ဥသြသံသဲ့သဲ့ပဲ ကြားလိုက်ရတဲ့ သန်းခေါင်ယံ ရထားတစ်စင်းရဲ့ မီးခိုးတန်းတွေလို ငါတို့ ကွာဝေးခဲ့ ဘန်နာတလွင့်လွင့် ရက်တွေ ပြီးတော့ မီးခိုးတလွင့်လွင့် လတွေ နေလိုလလို တိမ်လိုမြူလို နှစ်များမှာ ငါတို့ရဲ့ခွာတွေကို ငါတို့ခြေကနေ ဖြုတ်ယူပြီး မြို့ရဲ့ ထုပ်တန်းပေါ် ဒီစောက်ကာလတရားနဲ့ အတူတူ တင်ထားလိုက်တယ် ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်မှာ မီးလောင်နေတဲ့ အသက်ကယ်လှေတစ်စင်းလို ငါတို့အားလုံး နှင်းဆီဖြူရဲ့ အဝေးကလူတွေချည်းပါပဲလေ အိမ်မရှိတဲ့ အရပ်မှာ မင်းရှိနေပေမယ့် သမိုင်းရဲ့ ရက်စက်တဲ့ တိုက်လေတွေကြား မင်းတအား ခိုက်ခိုက်တုန်နေတဲ့ အချိန်တိုင်းမှာ မြို့က တောနက်နက် တော...

the light beyond / our shadows

- translated by Thiri Zune Butterflies. Early Summer. Spoken in a whisper but the shadows grew louder. I was in a downward spiral because of those straight eyelashes. I tried to forget about my loneliness when I saw your solitude. If I tell you that your sad-looking face looks so ethereal... Don’t deepen yourself like clouds. It’s not prerequisite for the bridge to be straight. Those eyes staring at the distance in this distorted world flung me out of space. I also can’t sleep at nights. In the sight of those eyes, my mind enduring everything all this time flows like a waterfall The flares I shot up wouldn’t be coming down until a few years later. The only sound of the violin plays heartachingly eloquent. There are only other doors behind the doors that have been pushed open. Going downwards, the clouds are... We no longer know the things we have known. Feeling like I’ve known this all my life although I’m sure I have just seen this for the first time. For the things I’ve been wild abo...

အိမ်အပြန် နောက်ဆုံးရထားများအတွက် အချစ်ကဗျာတစ်ပုဒ်

မြောက်အရပ်ကနေ ဒီမြစ်ကြီးတည့်တည့် မျှောချလိုက်ရင် ဒီဇင်ဘာဆီ ကိုယ် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်မှာပေါ့ မုန်တိုင်းအထပ်ထပ် ဒီတိုင်းပြည်ထဲ ထပ်ကျော့လည်ပတ်နေမှုကို ဆန်တက်ပြီး နှင်းဆီခင်းတွေဆီ ရောက်အောင် ကိုယ်သွားတယ် နှင်းအထပ်ထပ် အမှောင်ထုကြားထဲမှာ ကိုယ့်ကို ထိန်းချုပ်မရ ဟိုးရှေ့က လင်းလက်နေတဲ့ နှင်းဆီနက်တွေကို ကိုယ်ရှာတယ် တစ်ဆောင်းတွင်းလုံး မခံနိုင်အောင်ကို အေးခဲနေတဲ့လက်တွေ အရည်မပျော်ခင်မှာပဲ နောက်ဆုံးရထားဟာ နှင်းမှုန်တလက်လက် အိမ်ကို ပြန်မရောက်ခင်တုန်းက ပင်လယ်စင်ရော်ကို ကိုယ်မြင်ဖူးတယ် သူ့အတောင်ပံဟာ ကိုယ်တို့ဘဝတွေရဲ့  အဆုံးမဲ့ contrail ပဲ မင်းရှိရာ တိမ်တွေဆီ ပင်လယ်ကိုချုံ့ပြီး ကိုယ်ပျက်ကျလာခဲ့မယ် နေ့တိုင်း ဒီအချိန်ဆို ကမ္ဘာအဆုံးထိ ပလတ်စတစ် ရေပန်းကရား အစိမ်းထဲကနေ ကိုယ်တို့ အသံကုန်ခြစ် အားကုန်အော်တယ် မင်းရဲ့ မြက်ခင်းပြင်ဟာ သံမဏိချိန်းကြိုးတွေ အထပ်ထပ် ကိုယ်တို့ နေ့စဉ်ဘဝရဲ့ လမ်းမတွေကို လောင်နေတာ မီးတောက်တွေ မဟုတ်ပဲ ဒုက္ခများတဲ့ ကာလတရားပဲ ဖြစ်မှန်း အချိန်တန် သိခဲ့ရ နားကြပ်ကို အသံကုန်မြှင့်ထားလည်း နည်းနည်းတောင် မလျော့သွားတဲ့ နှင်းတွေ ၊ နှင်းဆီတွေ ၊ အိမ်အပြန် နောက်ဆုံးရထားရဲ့ ဥဩသံရှည်တွေ ဝေဒနာဟာ ...

ကွေကွင်းရခြင်းပေါင်းစုံ ကျဆုံးပါစေ*

ကွေကွင်းရခြင်းပေါင်းစုံ ကျဆုံးပါစေဆိုတဲ့ အဓိပ္ပာယ်ကို တွေးနေတုန်းမှာပဲ ကုန်ခဲ့တဲ့နှစ်တွေတုန်းက ကြည့်ခဲ့ဖူးတဲ့ Solanin ဆိုတဲ့ live action ရုပ်ရှင်ကို သွားသတိရတယ် သေလွန်သူတွေရဲ့ မှတ်ဉာဏ်နဲ့ အိပ်မက်တွေကို ရှင်ကျန်သူတွေက ဆက်လက်သယ်ဆောင်ကြတဲ့ အကြောင်းပေါ့ ငါတို့ခေတ်ဆိုးကြီးရဲ့ တော်လှန်ရေးအတွင်းမှာလည်း ကွေကွင်းရခြင်းပေါင်းစုံကို မရေမတွက်နိုင်အောင် ကြုံတွေ့ခဲ့ရပြီး ကြုံတွေ့နေရဆဲ တစ်ချိန်တည်းမှာပဲ သေလွန်သူတွေရဲ့ မှတ်ဉာဏ်တွေကို လမိုက်ညအောက်က မီးတုတ်တစ်ခုလို ငါတို့ ကျစ်ကျစ်ပါအောင် ဆုပ်ထားရလိမ့်မယ် သူတို့ရဲ့ မှတ်ဉာဏ်တွေက အဝေးကမ်းခြေက မီးပြတိုက်လို ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်မှာ ရွက်လွှင့်နေတဲ့ ငါတို့ကို အိမ်အရပ်ဆီ လမ်းပြခေါ်ဆောင်နေမှာ သူတို့ရဲ့ အိပ်မက်တွေက ဗိုက်ကင်းတွေရဲ့ ကျောပေါ်က ဒိုင်းတွေလို ငါတို့ကို အမေ့အိမ်ပြန်မရောက်မချင်း အန္တရာယ်တွေကနေ ကာကွယ်နေမှာ နှစ်ကာလတွေက အဲဒီလို လောင်ကျွမ်းနေပါတယ် ပိုင်ဉာဏ် 3rd November, 2021 * ဏေသစ် - ဇင်မောင်ကျော်ကိုကိုသန့်

ငါတို့ကိုယ်ငါတို့ ရည်စူးပြီး နှင်းတောထဲ ကြဲပက်လိုက်တဲ့ အရက်တစ်ခွက်အတွက် အချစ်ကဗျာတစ်ပုဒ်

ခွေးအအုပ်ကြီး ရောက်မလာခင်အထိ လိပ်ပြာတွေကို ကာပစ်ပေးပြီး နှင်းတောကြီးကို ငါ ဒီတိုင်းခုခံနေခဲ့တာပေါ့ ကြာလာတော့လည်း အဆက်မပြတ် ကျရောက်ပေါက်ကွဲနေတဲ့ နှင်းစတွေကို ငါ စောက်သည်းပေါက်လာတယ် အခုချိန် လဲရ ပစ်ရလွန်းလို့ အံသေနေတဲ့ လက်တွေအစား ပင့်ကူအိမ်ထဲက မီးလင်းဖိုကို ငါတောင့်တတယ် ဘယ်လိုနှင်းမျိုးတွေကများ ဘာကြောင့် စောက်ငြှိုးတကြီးနဲ့ သူ့ကိုယ်သူအသေခံပြီး ငါတို့ဆီ ပစ်ပေါက်နေရတာလဲ လင်းလက်စူးရှ နွေရာသီတွေဆီမှာ နေတုန်းက ငါ ဘယ်တော့မှ တွေးမိမယ် မထင်ခဲ့တာတွေကို ခုမှတွေးမိနေရတယ် သမိုင်းဟာ ငါ့ပေါ်ဆက်တိုက် ကျကွဲနေတဲ့ နှင်းစတွေလား ငါ့ရှေ့ကတုတ်ကျင်းမှာ ထိသွားတဲ့ ရဲဘော်ရဲ့ သွေးတွေလား ငါ့ကောင်ကို တက်ဆွဲမကွာဆိုပြီး ငါ့ပစ်ကျင်းထဲက ထွက်မလို့လုပ်တုန်း ကြောင်က ငါ့ခြေထောက်ကို ဆွဲပြီးတားတယ် နောက်ထပ်နှင်းကြဲလေယာဉ်တွေ ရောက်မလာခင်အထိတော့ ငါ့ကတုတ်ဆီစီးလာတဲ့ သွေးတွေကို ကြည့်နေခဲ့ရတာပဲ ငါဘယ်ရောက်နေလဲ သဲလွန်စတွေကို ထပ်ဖန်တလဲလဲ တည်ဆောက်ဖို့အတွက် အဝေးနေ့ကို တစ်တောင့်ချင်းရေတယ် ငါ့ဘေးပတ်ဝန်းကျင်တစ်ခုလုံး အလင်းရောင်စူးစူးတွေနဲ့ တုန်ခါနေတုန်းမှာ ငါ့အရက်ပုလင်းကိုငါ ဆုပ်ကိုင်ထားရတယ် ဒီနှင်းတောကြီးဆီ ထွက်မလာခင်လေးမှာ သွားတော့မယ်လို့ ...

နိုင်ငံတော်သစ်ရဲ့ မီးခိုးတန်းရှည်

ဆောက်တည်ရာမရ ကုန်သည်လေစီးတွေနဲ့အတူ ငါ ပြန်လာဖြစ်ခဲ့ပြီ ဆိုတဲ့အကြောင်းကို ဖုန်ထူထူလက်ဖက်ရည်ဆိုင်ရဲ့ ဖုန်ထူထူစားပွဲခုံကို ခေါက်ရင်း ကော်ဖီဘလက်တစ်ခွက်ကို သံပရာတစ်စိတ် ညှစ်သောက်ရင်း ငါ ထိုင်စဉ်းစားတယ် ကမ်းကခွာဖို့ အချိန်လင့်နေပြီဖြစ်တဲ့ မီးသင်္ဘောတွေ စိတ်ရှည်လက်ရှည် စောင့်စားနေရတဲ့ အရှေ့လေက ငါ့ကျောရိုးကိုကျော်ပြီး ပထမမြစ်ကွေ့ဆီ ဆန်တက်သွားခဲ့ပြီ  ညကို စူးစူးဝါးဝါး ထိုးဟောင်နေတဲ့ ခွေးတွေရဲ့ စက်ရုပ်ဘာသာစကားတွေကြားထဲမှာ ဗင်းဆင့်ရဲ့ လှုပ်နေတဲ့ ကြယ်အဝါစူးစူးတွေကို တွေ့လား အဘိုးကြီးနာကာတာရဲ့ မှတ်ဉာဏ်တွေကို စားသုံးပစ်လိုက်တဲ့ ရွှေရောင်အမွှေးပွကြောင်တစ်ကောင်ကို ကမ္ဘာပတ်လမ်းထဲ ဒုံးတစ်စင်းနဲ့ ငါလွှတ်တင်ပစ်လိုက်ချင်တယ် မီးလုံးဝါဝါတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ငါ့အတွက် တစ်နေ့မှာ မခံမရပ်နိုင်အောင်စူးတဲ့ မီးဖြူဖြူတွေထွန်းပြီး ဝယ်စရာ ပစ္စည်းတွေကို ထိုးပြထားတဲ့ ဂျန်းရှင်းစီးတီးရဲ့ ဖက်ရှင်ဆိုင်တွေဆီရောက်တော့ ငါခပ်ငယ်ငယ်အရွယ် ကန်တော်ကြီးစောင်းက ရှားမင်းတင့်ကားကြီးထဲမှာ ငါတို့တိုင်းပြည်ရဲ့ အတိတ်သမိုင်းစစ်စစ်ကို ရှာတွေ့မယ်အထင်နဲ့ အထဲကိုဝင်ပြီး မွှေနှောက်ရှာဖွေဖူးတဲ့ တစ်မနက်ကို သွားအမှတ်ရမိတယ် နောက်ပြီး ငါငယ်ငယ်တ...

ကွန်းနစ်စ်ဘတ်ဂ်က နှင်းတွေ

အိမ်ကနေ ငါထွက်လာတော့ မြင်းရုပ်ချားရဟတ်တွေလည်ရင်း ဧည့်ခန်းကြမ်းပြင်ပေါ်က နှင်းတွေ ၊ သွေးတစက်စက်ကျနေတဲ့ နှင်းတွေ လမ်းမတွေပေါ်ကို လက်တစ်ဆုပ်အပြည့် ကြဲပက်လိုက်တဲ့ ငါတို့ရဲ့ အရိုးပြာတွေနဲ့ ငါတို့ကိုယ်ငါတို့ ရည်စူးပြီး လမ်းမတွေပေါ်ကို ကြဲပက်လိုက်တဲ့ အရက်တစ်ခွက်နဲ့ လေထဲမှာပွင့်တဲ့ အပြာရောင် ယမ်းတောင့်တစ်တောင့်ကို ဆက်သွယ်ရရှိတဲ့ သတင်းစကားကို ကြားသိပြီးပြီးချင်း ဗာဗယ်ဒီရဲ့ ဆောင်းရာသီ သီချင်းကြီးကို ဖွင့်ပြီး ရေခဲမြစ်ထဲ ငါခုန်ချတယ် ရေခဲချွန်ချွန်တွေထဲ နစ်ဝင်သွားတဲ့ ငါ့နှလုံးအိမ်ကို ကြည့်ပြီး သမိုင်းရဲ့ တိုက်လေစူးစူးတွေကို ငါတို့ ဘယ်ပုံဘယ်နည်း ခုခံခဲ့ကြသလဲ ဒီမှာ နှင်းတွေ အဆုပ်လိုက် အဆုပ်လိုက် ပွင့်ကျလာတာကို မင်းမြင်လား နှင်းထုထူထူပေါ် သွေးတွေ ဖြန်းခနဲရဲကျသွားတာကို မင်းမြင်လား ရေခဲမြစ်ထဲက ရေခဲခွဲသင်္ဘောပေါ်က ငါ့ကုတ်အင်္ကျီထဲက အနက်ရောင်နှင်းစတွေကို မင်းမြင်လား  ဘယ်ကြည့်ကြည့် ညိုမှိုင်းနေတဲ့ ကောင်းကင်အောက်မှာ ကျဆုံးလွန်သူတွေရဲ့ ဝိညာဉ်တွေကို ငါတို့ကိုယ်တစ်ခုစီထဲမှာ ဆက်လက်သယ်ယူသွားပြီး သူတို့ရဲ့မှတ်ဉာဏ်တွေဟာ ငါတို့ရဲ့ လူမှုဘဝတွေ ဖြစ်လာပြီး ဆောင်းတွင်းလရောင်ဟာ ငါတို့ရဲ့ အနှစ်အသားမဲ့မှုကြီးကို နှင်း...

Vanguard

ပုဂ္ဂလသစ်စေ့တွေရဲ့သံလိုက်အိမ်မြှောင် တမျှော်တခေါ် နေကြာပန်းခင်းများ ကားလမ်းနံဘေးက မြေနီထု စစ်သားရဲ့ ညစ်ထေးထေးကုတ်အင်္ကျီ ဗုံးရာတွေနဲ့ လေယာဉ်ပြေးလမ်းဟောင်း ကျည်ဆန်ပေါက်တွေအပြည့် လော်ရီကားကြီး နှစ်နှစ်ဆိုတာ ဘယ်လောက် ကြာသွားပြီလဲ အနှစ်နှစ်ဆယ်ဆိုတာ ဘယ်လောက် ကြာသွားပြီလဲ အရာရာကို တစတစ ဆုံးရှုံးလိုက်ရပြီး  အနှစ်ငါးဆယ်လုံး ထပ်ကျော့လည်ပတ်သံသရာ ငရဲခွေးနက်တွေလက်ထဲက မီးခိုးလုံးနက်နက်တွေထဲ သေစရာလူမကုန်မချင်း အသက်ရှူကြပ်နေတဲ့ တိုင်းပြည် ခပ်ဝေးဝေးက လှမ်းကြည့်သနားခံနေရတဲ့ ငါ့တိုင်းပြည် အာ များလိုက်တဲ့ စောက်စကားတွေ လို့ ရေရွတ်နေတုန်း ဝိုင်ဖိုင်ပြတ်တောက်သွားတာနဲ့ ငါတို့ရဲ့ မဟာမိတ်ကျီးကန်းတွေဟာ  ပစ်မှတ်အသီးသီးဆီ ထိုးစိုက်ဆင်းချပြီး ပစ်မှတ်အသီးသီးဟာ ငါတို့ရဲ့ မဟာမိတ်ကျီးကန်းတွေဆီ ဦးတည်ပျံတက်ပြီး တော်လှန်ရေးကို စစ်ရုံးချုပ်ဆီ သင့်ရာနည်းနဲ့ပို့ တော်လှန်ရေးကို ဗမာ့အသံဆီ သင့်ရာနည်းနဲ့ပို့ တော်လှန်ရေးကို ငါတို့ဖင်ထဲအထိ သင့်ရာနည်းနဲ့ပို့      ပိုင်ဉာဏ်      20th July, 2021

ဂျိမ်းစ်ရဲ့အိမ်ပြန်ခရီးအတွက် အချစ်ကဗျာတစ်ပုဒ်

ဂျိမ်းစ်ရေ ငါတို့ အိမ်ပြန်ကြရအောင် တကယ်ရှိမရှိမသိတော့တဲ့ အိမ်တစ်လုံးဆီ ငါတို့ပြန်ကြရအောင် ဂျိမ်းစ်ရေ တော်လှန်ရေးထဲ စိုက်ဝင်နေတဲ့ မင်းရဲ့သံလိုက်အိမ်မြောင်ကို တစ်ရစ်ချင်း ဆွဲထုတ်ပြီး ငါတို့ အိမ်ကိုပြန်ကြမယ် လရောင်အောက်က ဂစ်တာသံတွေကိုလည်း မေ့ပြီး ငါတို့ အိမ်ပြန်ကြရအောင် နှင်းမုန်တိုင်းတစ်ခုထဲ သဲမုန်တိုင်းတစ်ခု ရောပြီးတိုက်ခတ်လာတာကို မင်းရောငါရော အဆန်းတကြယ် ဖြစ်ခဲ့ရသလိုမျိုး ငါတို့ ဘယ်တုန်းကမှ မချစ်ခဲ့တဲ့ တိုင်းပြည်ကို ခေတ်ဆိုးကြီးထဲရောက်မှ နာနာကျင်ကျင် ငါတို့ ချစ်မက်ရသလိုမျိုး comfortably numb ကို မင်းတစ်လုံးချင်း တီးခတ်နေတုန်းမှာပဲ တိမ်တွေကို လက်ပြပြီး အခု ငါတို့ အိမ်ကိုပြန်ကြမယ် ဂျိမ်းစ်ရေ စစ်ပွဲတွေကြားထဲမှာပဲ ငါတို့အချင်းချင်း တီးတိုးပြောဖြစ်ကြတဲ့ စောက်သုံးမကျတဲ့ ဟာသတွေကို ဒါဟာဘဝပါလို့ပဲ အော်ရယ်ပြီး ဒီစစ်ပွဲပြီးတာနဲ့ ငါတို့ဘဝတွေဆီ ငါတို့ပြန်သွားကြမယ် ဂျိမ်းစ်ရေ ရန်ကုန်မြို့ကြီးရဲ့ တော်လှန်ရေးထဲမှာ ငါတို့တရှိုက်မက်မက် ရှုသွင်းခဲ့တဲ့ ဓာတ်ငွေ့တွေ ငါတို့ ဆေးလိပ်ထိုင်သောက်ရင်း လွမ်းမောခဲ့ကြတဲ့ လမ်းလယ်ကျွန်းရဲ့ အမှောင်ထုတွေ ကတုတ်ကျင်းတွေရဲ့နောက်မှာ ငါတို့လူငယ်ဘဝကို ယစ်ပူဇော်ခဲ့တာတွေ ကျွန်းတေ...

ရှစ်မိုင်ကားမှတ်တိုင်အတွက် အချစ်ကဗျာတစ်ပုဒ်

ငါ ရန်ကုန်မြို့ကြီးဆီ ပြန်ရောက်လာတော့ ရှစ်မိုင်ကုန်းကျော်တံတားဟာ လူတိုင်းရဲ့ အဆီအငေါ်မတည့်မှုကို တစ်ကောင်တည်း ကြိတ်လှောင်နေတဲ့ အရွယ်ရောက်နေနှင့်ပြီ ငါ့ဘဝရဲ့ အချိန်တော်တော်များများကို ဘတ်စ်ကားပေါ်က နားကြပ်တွေထဲမှာ ကုန်ဆုံးခဲ့တယ် ငါ မတ်တပ်ထရပ်တယ် ဘဲလ်နှိပ်တယ် ကျိုက်ဝိုင်းဘုရားလမ်းပေါ်မှာ ကီးမားပလာတာ သုံးချပ် ဝယ်တယ် ပြီးတော့ ရှစ်မိုင်ကားမှတ်တိုင်ကို ငါ့ငယ်ပေါင်းကြီးဖော်လို သေးကော့ပန်းခဲ့တာပါပဲ ငါတို့ တစ်မိုင်တိတိ လမ်းလျှောက်ကြတဲ့ ညနေခင်းတွေတုန်းကလို့ ပြောဖို့ အကွာအဝေးဟာ တစ်မိုင်တိတိ ဂျန်းရှင်းစီးတီးဘလူးစ်ကို ဂျန်းရှင်းစီးတီး လူလယ်ကောင်မှာ သံနေသံထားနဲ့ ရွတ်ဖို့ အကွာအဝေးဟာ တစ်မိုင်တိတိ မြစ်ကိုဖြတ်ပြီး တိုက်လာတဲ့ စောက်ရူးလေတွေကို ငါတို့ဟားတိုက်နေခဲ့တုန်းကလည်း အကွာအဝေးဟာ တစ်မိုင်တိတိ ညတိုင်းညတိုင်းမှာ ရှစ်မိုင်တံတားပေါ်က ငါတို့စီးလာတဲ့ ကားအသေးလေး လွင့်ကျသွားတယ်ဆိုတဲ့ အိပ်မက်အသေတွေအစား ကျောက်မြောင်းထဲက စောက်ရမ်းဟောင်တဲ့ ခွေးတွေကိုပဲ ဆရာတင်ပြီး အူလိုက်ချင်တယ် အချိန်ဟာ လမ်းမတော်သွားတုန်းက ကကတစ်စီးပေါ်မှာ ကျန်ခဲ့တဲ့ မိုဘိုင်းဖုန်းတစ်လုံးလိုဖြစ်မယ် လူကြီးမင်းခေါ်ဆိုသော နံပါတ်မှာ မြန်မာပလာဇာပေါ်မှ ...

Radio Aquilo

ငါတို့ဟာ အတိတ်ကို သတင်းစကားတစ်ခုခု ပို့ဖို့ အစဉ်တစိုက် ကြိုးစားနေကြသူတွေ လေက သူ့လျှာသူ ခဏခဏသပ်ရင်း ကာလတရားကို နောက်မျိုးဆက်ဆီ တရွေ့ရွေ့ သယ်ဆောင်သွားပါလိမ့်မယ် သံချပ်ကာယာဉ်တန်းကြီး တအိအိ ချီတက်သလို လူမှုဘဝရဲ့ လူမသိသူမသိ အပျက်အစီးတွေနဲ့ ကပ်အတွင်းက ဇွမ်ဘီလူအုပ်ဟာ သတင်းစကားတစ်ခုကို ကြားရပြီးပြီးချင်း တောင်ကမ်းပါးအမြင့်ကြီးတွေကို တလှုပ်လှုပ် တစ်ယောက်ပေါ်တစ်ယောက် ထပ်ပြီး တက်ကြတဲ့ အဖြူအမည်းပြကွက်ကို ဘဝတစ်လျှောက်လုံး ထပ်ဖန်တလဲလဲ ပြသနေခဲ့တာမှာ  ဘယ်သူမှ မျက်လုံးမလွှဲခဲ့ဘူး ဘောလ်တစ်ပင်လယ်ရဲ့ မျက်စိတစ်ဆုံး ရေခဲပြင်ချပ်တွေက ငါ့ဇာတ်ပြောကို စက္ကန့်မလပ် နှောင့်ယှက်ပြုမူနေပုံမျိုးဟာ မြင်းသည်တော်က သူ့ရဲ့ မြင်းနင်းဖိထားတဲ့ နဂါးကို လှံတဝင့်ဝင့် ရွယ်ထားသလိုပေါ့ ဘယ်အချိန်ထိုးစိုက်မလဲဆိုတာ ဘဝရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့်တွေလိုမျိုး ရေခဲလွင်ပြင်တွေဆီမှာမှ ရတဲ့ နွေးထွေးအရောင်တွေမျိုး လရောင်မကျတဲ့ အခန်းထဲမှာ လွင့်နေတဲ့ လရောင်ဆိုနာတာရဲ့ အချိန်ဆန့်ထွက်နိုင်မှုမျိုး အိမ်ကိုရှာမတွေ့ခဲ့တဲ့အကြောင်း လူ့အဖြစ်ကို မရခဲ့ခြင်းအကြောင်း အကြောင်းချင်းရာ စုံလင်နေပြီဖြစ်တဲ့ အလင်းနှစ်တွေက ငါတို့ကို ပွတ်တိုက်သပ်...

cliff/hanger

ရေပြင်ပေါ် ထိုးထွက်နေတဲ့ ဆိပ်ခံဗောတံတားအစွန်းမှာ လက်လှုပ်ခြေလှုပ် ကနေတဲ့ လူတစ်ယောက် ရုတ်တရက်ဆိုသလို ရေထဲခုန်ဆင်းသွားတဲ့ မြင်ကွင်း အဝေးကြည့်မှန်ဘီလူးကိုချပြီး ငါအော်ဟစ်ရယ်မောမိ အသေအချာ စိုက်နားထောင်ကြည့်မှ မြစ်ပြင်ရဲ့ အူသံက ညရောင်အောက်မှာ တိုးတိတ်လှပတယ် သင်္ဘောဦးချွန်က ထိုးခွဲသွားတဲ့ လိပ်ပြာတောင်ပံရေမွှားများရဲ့* မြူထုဟာ ထူလွန်းတော့ ငါ့လက်တစ်ကမ်းမှာ အသက်ဓာတ်ကို ဖက်တွယ် ငုံ့ကြည့်လိုက်ရင် ချောက်နက်ကမ်းပါး အောက်ခြေမှာ ကျောက်သားကျောက်ဆောင်ထက်ထက်တွေ မော့ကြည့်လိုက်ရင် ငါ့အပေါ် ခုပဲ ပြိုကျတော့မလို လိမ္မော်ရောင်တိမ်အုပ်တွေ မီးသင်္ဘောတွေ စောင့်ဆိုင်းနေတဲ့ အရှေ့လေတွေ ရုတ်ချည်း တိုက်ခတ်လာတော့ အရာရာကို မိုးပျံပူဖောင်းတွေနဲ့ လွှတ်တင်လိုက်ပြီးတော့ အဲ့ဒီအရာရာတွေကပဲ ဆေးလိပ်မီးပွားတွေအဖြစ်နဲ့ ပြန်ကျလာကြ အေဂျီယန်ပင်လယ်အ‌ောကာင်း ငါ ဘာလို့တွေးနေမိလဲ မသိဘူး နောက်တော့ အေဂျီယန်ထဲခုန်ဆင်းသွားတဲ့ ငါ့ကို ရဟတ်ယာဉ်ကနေ ကြိုးချပြီး ကြိုးပေးလိုက်ကြတယ်       ပိုင်ဉာဏ်       14th October, 2020 * #flux - တေဇာ (လရောင်လမ်း)