ငါတို့ကိုယ်ငါတို့ ရည်စူးပြီး နှင်းတောထဲ ကြဲပက်လိုက်တဲ့ အရက်တစ်ခွက်အတွက် အချစ်ကဗျာတစ်ပုဒ်

ခွေးအအုပ်ကြီး ရောက်မလာခင်အထိ လိပ်ပြာတွေကို ကာပစ်ပေးပြီး နှင်းတောကြီးကို ငါ ဒီတိုင်းခုခံနေခဲ့တာပေါ့
ကြာလာတော့လည်း အဆက်မပြတ် ကျရောက်ပေါက်ကွဲနေတဲ့ နှင်းစတွေကို ငါ စောက်သည်းပေါက်လာတယ်
အခုချိန် လဲရ ပစ်ရလွန်းလို့ အံသေနေတဲ့ လက်တွေအစား ပင့်ကူအိမ်ထဲက မီးလင်းဖိုကို ငါတောင့်တတယ်
ဘယ်လိုနှင်းမျိုးတွေကများ ဘာကြောင့် စောက်ငြှိုးတကြီးနဲ့ သူ့ကိုယ်သူအသေခံပြီး ငါတို့ဆီ ပစ်ပေါက်နေရတာလဲ
လင်းလက်စူးရှ နွေရာသီတွေဆီမှာ နေတုန်းက ငါ ဘယ်တော့မှ တွေးမိမယ် မထင်ခဲ့တာတွေကို ခုမှတွေးမိနေရတယ်
သမိုင်းဟာ ငါ့ပေါ်ဆက်တိုက် ကျကွဲနေတဲ့ နှင်းစတွေလား ငါ့ရှေ့ကတုတ်ကျင်းမှာ ထိသွားတဲ့ ရဲဘော်ရဲ့ သွေးတွေလား
ငါ့ကောင်ကို တက်ဆွဲမကွာဆိုပြီး ငါ့ပစ်ကျင်းထဲက ထွက်မလို့လုပ်တုန်း ကြောင်က ငါ့ခြေထောက်ကို ဆွဲပြီးတားတယ်
နောက်ထပ်နှင်းကြဲလေယာဉ်တွေ ရောက်မလာခင်အထိတော့ ငါ့ကတုတ်ဆီစီးလာတဲ့ သွေးတွေကို ကြည့်နေခဲ့ရတာပဲ
ငါဘယ်ရောက်နေလဲ သဲလွန်စတွေကို ထပ်ဖန်တလဲလဲ တည်ဆောက်ဖို့အတွက် အဝေးနေ့ကို တစ်တောင့်ချင်းရေတယ်
ငါ့ဘေးပတ်ဝန်းကျင်တစ်ခုလုံး အလင်းရောင်စူးစူးတွေနဲ့ တုန်ခါနေတုန်းမှာ ငါ့အရက်ပုလင်းကိုငါ ဆုပ်ကိုင်ထားရတယ်
ဒီနှင်းတောကြီးဆီ ထွက်မလာခင်လေးမှာ သွားတော့မယ်လို့ အမေ့ကို ငါနှုတ်ဆက်ခဲ့သေးသလား ဝေခွဲလို့မရဘူး
မြောက်ပိုင်းထင်းရှူးပင်တွေက ပင်လယ်လို ပြုမူနေသရွေ့ ဒီခွေးအအုပ်ကြီး ငါတို့ကို လွယ်လွယ်နဲ့ ဖြတ်မကူးနိုင်ဘူး
ဒီကောင်တွေရော ငါတို့ရောအတွက် ပြန်လမ်းမရှိတာ သေချာနေပြီလား အိမ်ပြန်ချိန် မရှိနိုင်ကြတော့ဘူးလား
အချစ်ရေလို့ နှင်းတွေကြားထဲ ငါအော်ဟစ်ခဲ့ ဆောင်းရဲ့ညကို မျက်ရည်သုတ်ခဲ့ ပုလင်းဖွင့်ပြီး တစ်ငုံမော့ခဲ့
နှင်းမုန်တိုင်းထဲ ပျောက်ဆုံးမှုတွေကို ငါတို့ ကျင့်သားရခဲ့ ရေဒီယိုကို ဘုရားဆီဝန်ခံသလို ငါတို့ တောင်းပန်တိုးလျှိုးခဲ့
ဒုက္ခတရားဟာ ကာလတရားပဲ အချစ်ရေ ငါပို့ရမယ့်စာတစ်စောင်က အခုထိ ငါ့ဘယ်ဘက်ရင်ဘတ် အိပ်ကပ်ထဲမှာလေ
မနေ့ကလိုပဲ ဒီနေ့လည်း နှင်းစတွေ ငါတို့ဘေးပတ်လည် အချိန်မှန် ကျကွဲတယ် နားရင် ငါတို့ ကော်ဖီဖျော်တယ်
ဆေးလိပ်ကို ဦးထုပ်နဲ့ကွယ်ပြီး ရဲခနဲ ဖွာတယ် ပြီး ငါ့ဘေးမှာ အိမ်ရောက်နေတယ်လို့ တွေးနေတုန်း ပွဲပြန်စတယ်
လိပ်ပြာတွေ ထပျံသွားတဲ့အထိ ငါတို့ကိုယ်ငါတို့ ရည်စူးပြီး နှင်းတောထဲ အရက်တစ်ခွက်ကို ကြဲပက်လိုက်တယ်
ကာလတရားဟာလည်း ဒုက္ခတရားပါပဲ အချစ်ရယ် ခေါင်းငုံ့ဝပ်ထားရင်းကို အိပ်မက်တွေ ဖွာခနဲ ဖွာခနဲ ပြန့်ကြဲ


ပိုင်ဉာဏ်
31th July, 2021

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်