မြစ်ကြောင်းပြ

မြစ်တွေက တောင်တန်းတွေရဲ့ သတင်းစကားကို ငါတို့ဆီ သယ်ယူလာတယ် 
နိုင်ငံတော်ရဲ့ လှံစွပ်ထိပ်မှာ ငါတို့ဘဝတွေဟာ အဆုံးမဲ့ အစမဲ့ 
ငါတို့အသက်တွေဟာ အဖိုးမဲ့ အခမဲ့ လမ်းကြုံသူရဲကောင်းရှိရင် 
ဧကရာဇ်ဆီ ငါ လူကြုံမှာလိုက်ချင်တယ် အရှိန်မတင်ခင်
နောက်ကြည့်မှန်ကို တချက်လှမ်းကြည့်လိုက်မိတော့မှ 
ကတ္တရာလမ်းဟာ ငါ့ငယ်ဘဝရဲ့ လိမ္မော်ရောင်ပြာမှုန်စတွေကို တလျှောက်လုံး 
သယ်ဆောင်လာခဲ့မှန်း သိရတော့တယ် ဒီလိုနဲ့ 
သူ့ကိုယ်တလျှောက် မိုးပေါက်တွေ တဖောက်ဖောက် ကျလာတယ် 
မြစ်ရေတွေ ငါတို့ရဲ့အတိတ်သမိုင်းအပေါ် တရိပ်ရိပ် 
လျှံကျလွှမ်းမိုးသွားတယ် ဒီလိုမျိုး ငါ အဓိပ္ပာယ်မဲ့မှုတွေကိုမှ 
အငမ်းမရ ရှာဖွေနေခဲ့တယ် ငါရှာတွေ့တယ် ပြီးတော့ 
သူတို့အဓိပ္ပာယ်ရှိသွားလို့ ငါ အာခေါင်ထဲ
လက်ထိုး အန်ထုတ်ခဲ့ရတယ် 

မြစ်တွေက ငါတို့ရဲ့ ဦးနှောက်အပိုင်းအစတွေကို 
အနီရဲရဲ နံရံတစ်ချပ်ဆီ နုန်းတင်မြေနုလို ပို့ချသွားတယ် 
ငါတို့ဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်မောင်းတင် ချိန်ရွယ်နေတဲ့ 
အာဏာပါးကွက်သားတပ်စု ငါတို့ဟာ နန်းရင်ပြင်နဲ့ 
အဝေးဆုံးတောင်တန်းတွေဆီ ကိုယ်လွတ်ထွက်ပြေးလာတဲ့ 
နိုင်ငံ့ရန်စွယ်တွေ တစ်နေ့ သဲမုန်တိုင်းကြီး တိုက်ခတ်လာတယ် 
ငါ ကုလားအုတ်တစ်ကောင်ကို ဖက်ပြီး နိုင်ငံတော်နဲ့ ငါတို့အကြားက 
မျှခြေအကြောင်း ငါစဉ်းစားတယ် တချိန်တည်းမှာပဲ သူ့ဘဝမှာ တွေ့ခဲ့ဖူးတဲ့ 
ပထမဆုံးရေခဲတွေအကြောင်း ကွပ်မျက်မခံရခင်လေးမှာ စဉ်းစားနေတဲ့ 
ဗိုလ်မှူးကြီး အော်ရယ်လီယာနို ဘွမ်ဒီယာကို ငါသတိရမိတယ် 
လောကဖြစ်စဉ်တွေရဲ့ မျှခြေမဲ့မှုနဲ့ တဆက်တည်းမှာပဲ 
မျှခြေကို ပြန်လည်ရှာဖွေနေတဲ့ လူထူးဆန်းတွေကို ငါအံ့ဩတကြီး ဖြစ်ခဲ့ရတယ်
မိုးသက်လေပြင်းတွေ နိုင်ငံတော်ဆီ ကျရောက်ပြီးတဲ့တစ်နေ့
မြစ်တွေက ငါတို့ကို တောင်တန်းတွေဆီ ဆက်လက်သယ်ဆောင် သွားပါလိမ့်မယ်



ပိုင်ဉာဏ်

2nd October, 2024

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ပန်းပွင့်တွေရဲ့ဝေါ့လ်ဇ် (waltz of the flowers)

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ