နိုင်ငံတော်သစ်ရဲ့ မီးခိုးတန်းရှည်


ဆောက်တည်ရာမရ ကုန်သည်လေစီးတွေနဲ့အတူ ငါ ပြန်လာဖြစ်ခဲ့ပြီ
ဆိုတဲ့အကြောင်းကို ဖုန်ထူထူလက်ဖက်ရည်ဆိုင်ရဲ့ ဖုန်ထူထူစားပွဲခုံကို
ခေါက်ရင်း ကော်ဖီဘလက်တစ်ခွက်ကို သံပရာတစ်စိတ် ညှစ်သောက်ရင်း
ငါ ထိုင်စဉ်းစားတယ် ကမ်းကခွာဖို့ အချိန်လင့်နေပြီဖြစ်တဲ့ မီးသင်္ဘောတွေ
စိတ်ရှည်လက်ရှည် စောင့်စားနေရတဲ့ အရှေ့လေက ငါ့ကျောရိုးကိုကျော်ပြီး
ပထမမြစ်ကွေ့ဆီ ဆန်တက်သွားခဲ့ပြီ  ညကို စူးစူးဝါးဝါး ထိုးဟောင်နေတဲ့
ခွေးတွေရဲ့ စက်ရုပ်ဘာသာစကားတွေကြားထဲမှာ ဗင်းဆင့်ရဲ့ လှုပ်နေတဲ့
ကြယ်အဝါစူးစူးတွေကို တွေ့လား အဘိုးကြီးနာကာတာရဲ့ မှတ်ဉာဏ်တွေကို
စားသုံးပစ်လိုက်တဲ့ ရွှေရောင်အမွှေးပွကြောင်တစ်ကောင်ကို ကမ္ဘာပတ်လမ်းထဲ
ဒုံးတစ်စင်းနဲ့ ငါလွှတ်တင်ပစ်လိုက်ချင်တယ် မီးလုံးဝါဝါတွေနဲ့ ကြီးပြင်းခဲ့ရတဲ့
ငါ့အတွက် တစ်နေ့မှာ မခံမရပ်နိုင်အောင်စူးတဲ့ မီးဖြူဖြူတွေထွန်းပြီး ဝယ်စရာ
ပစ္စည်းတွေကို ထိုးပြထားတဲ့ ဂျန်းရှင်းစီးတီးရဲ့ ဖက်ရှင်ဆိုင်တွေဆီရောက်တော့
ငါခပ်ငယ်ငယ်အရွယ် ကန်တော်ကြီးစောင်းက ရှားမင်းတင့်ကားကြီးထဲမှာ
ငါတို့တိုင်းပြည်ရဲ့ အတိတ်သမိုင်းစစ်စစ်ကို ရှာတွေ့မယ်အထင်နဲ့
အထဲကိုဝင်ပြီး မွှေနှောက်ရှာဖွေဖူးတဲ့ တစ်မနက်ကို သွားအမှတ်ရမိတယ်
နောက်ပြီး ငါငယ်ငယ်တုန်းက အဖွားရဲ့အိမ်မှာ တွေ့ခဲ့ဖူးတဲ့ ကြေးဝါရောင်
ဆလင်ဒါဘုရားပန်းအိုးတွေဆိုတာ အမြောက်တစ်လက်ကနေ စွန့်ထုတ်
ပစ်လိုက်တဲ့ အမြောက်ကျည်ဆန်ခွံတွေဆိုတာကို စပြီးသိသွားတုန်းက
ငါ့မှာ တအံ့တဩကြီး ဖြစ်ကျန်ခဲ့ရပြီး နောက်ပိုင်းနှစ်တွေဆီရောက်မှ
အမြောက်တွေက ပစ်လွှတ်လိုက်တဲ့ ကျည်ဆန်တွေရဲ့နောက်မှာကျန်ခဲ့တဲ့
ကောင်းကင်အပြည့် မီးခိုးတန်းရှည်တွေဆီမှာ နိုင်ငံတော်သစ်ရှိမှန်း
ငါမရည်ရွယ်ပဲ သိလာခဲ့ရ ။


ပိုင်ဉာဏ်
27th July, 2021

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

နောက်ဆက်တွဲဇင်မောင်ကျော်ကိုကိုသန့်