ကွန်းနစ်စ်ဘတ်ဂ်က နှင်းတွေ


အိမ်ကနေ ငါထွက်လာတော့ မြင်းရုပ်ချားရဟတ်တွေလည်ရင်း
ဧည့်ခန်းကြမ်းပြင်ပေါ်က နှင်းတွေ ၊ သွေးတစက်စက်ကျနေတဲ့ နှင်းတွေ
လမ်းမတွေပေါ်ကို လက်တစ်ဆုပ်အပြည့် ကြဲပက်လိုက်တဲ့
ငါတို့ရဲ့ အရိုးပြာတွေနဲ့ ငါတို့ကိုယ်ငါတို့ ရည်စူးပြီး
လမ်းမတွေပေါ်ကို ကြဲပက်လိုက်တဲ့ အရက်တစ်ခွက်နဲ့
လေထဲမှာပွင့်တဲ့ အပြာရောင် ယမ်းတောင့်တစ်တောင့်ကို
ဆက်သွယ်ရရှိတဲ့ သတင်းစကားကို ကြားသိပြီးပြီးချင်း
ဗာဗယ်ဒီရဲ့ ဆောင်းရာသီ သီချင်းကြီးကို ဖွင့်ပြီး ရေခဲမြစ်ထဲ
ငါခုန်ချတယ် ရေခဲချွန်ချွန်တွေထဲ နစ်ဝင်သွားတဲ့ ငါ့နှလုံးအိမ်ကို ကြည့်ပြီး
သမိုင်းရဲ့ တိုက်လေစူးစူးတွေကို ငါတို့ ဘယ်ပုံဘယ်နည်း ခုခံခဲ့ကြသလဲ

ဒီမှာ နှင်းတွေ အဆုပ်လိုက် အဆုပ်လိုက် ပွင့်ကျလာတာကို မင်းမြင်လား
နှင်းထုထူထူပေါ် သွေးတွေ ဖြန်းခနဲရဲကျသွားတာကို မင်းမြင်လား
ရေခဲမြစ်ထဲက ရေခဲခွဲသင်္ဘောပေါ်က ငါ့ကုတ်အင်္ကျီထဲက
အနက်ရောင်နှင်းစတွေကို မင်းမြင်လား  ဘယ်ကြည့်ကြည့်
ညိုမှိုင်းနေတဲ့ ကောင်းကင်အောက်မှာ ကျဆုံးလွန်သူတွေရဲ့
ဝိညာဉ်တွေကို ငါတို့ကိုယ်တစ်ခုစီထဲမှာ ဆက်လက်သယ်ယူသွားပြီး
သူတို့ရဲ့မှတ်ဉာဏ်တွေဟာ ငါတို့ရဲ့ လူမှုဘဝတွေ ဖြစ်လာပြီး
ဆောင်းတွင်းလရောင်ဟာ ငါတို့ရဲ့ အနှစ်အသားမဲ့မှုကြီးကို နှင်းတွေရဲ့
ရှည်လျားလက်တံတွေနဲ့ မျက်စိတဆုံး ဖုံးကွယ်ထားပြီး
အဲဒီညနေ နေမဝင်ခင်မှာပဲ ကွန်းနစ်စ်ဘတ်ဂ်ကို ငါ ဆိုက်ကပ်ခဲ့ပါတယ် 

     ပိုင်ဉာဏ်
     22nd July, 2021

 

• ကွန်းနစ်စ်ဘတ်ဂ် - Konigsberg

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်