Radio Aquilo


ငါတို့ဟာ အတိတ်ကို သတင်းစကားတစ်ခုခု ပို့ဖို့
အစဉ်တစိုက် ကြိုးစားနေကြသူတွေ
လေက သူ့လျှာသူ ခဏခဏသပ်ရင်း
ကာလတရားကို နောက်မျိုးဆက်ဆီ
တရွေ့ရွေ့ သယ်ဆောင်သွားပါလိမ့်မယ်
သံချပ်ကာယာဉ်တန်းကြီး တအိအိ ချီတက်သလို
လူမှုဘဝရဲ့ လူမသိသူမသိ အပျက်အစီးတွေနဲ့
ကပ်အတွင်းက ဇွမ်ဘီလူအုပ်ဟာ
သတင်းစကားတစ်ခုကို ကြားရပြီးပြီးချင်း
တောင်ကမ်းပါးအမြင့်ကြီးတွေကို တလှုပ်လှုပ်
တစ်ယောက်ပေါ်တစ်ယောက် ထပ်ပြီး တက်ကြတဲ့
အဖြူအမည်းပြကွက်ကို ဘဝတစ်လျှောက်လုံး
ထပ်ဖန်တလဲလဲ ပြသနေခဲ့တာမှာ  ဘယ်သူမှ မျက်လုံးမလွှဲခဲ့ဘူး
ဘောလ်တစ်ပင်လယ်ရဲ့ မျက်စိတစ်ဆုံး ရေခဲပြင်ချပ်တွေက
ငါ့ဇာတ်ပြောကို စက္ကန့်မလပ် နှောင့်ယှက်ပြုမူနေပုံမျိုးဟာ
မြင်းသည်တော်က သူ့ရဲ့ မြင်းနင်းဖိထားတဲ့ နဂါးကို
လှံတဝင့်ဝင့် ရွယ်ထားသလိုပေါ့ ဘယ်အချိန်ထိုးစိုက်မလဲဆိုတာ
ဘဝရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့်တွေလိုမျိုး
ရေခဲလွင်ပြင်တွေဆီမှာမှ ရတဲ့ နွေးထွေးအရောင်တွေမျိုး
လရောင်မကျတဲ့ အခန်းထဲမှာ လွင့်နေတဲ့ လရောင်ဆိုနာတာရဲ့
အချိန်ဆန့်ထွက်နိုင်မှုမျိုး
အိမ်ကိုရှာမတွေ့ခဲ့တဲ့အကြောင်း
လူ့အဖြစ်ကို မရခဲ့ခြင်းအကြောင်း
အကြောင်းချင်းရာ စုံလင်နေပြီဖြစ်တဲ့ အလင်းနှစ်တွေက
ငါတို့ကို ပွတ်တိုက်သပ်သွားပြီးမှ အတိတ်ကိုရောက်ကြတယ်
ညဖြူဖြူတွေထဲ ထိုးဆိုက်လာတဲ့ လေယာဉ်တစ်စီးကို ကြည့်ပြီး
ငါ တယ်လီဖုန်းပြောခွက်ထဲ ဝင်ထိုင်ပြီး တဂျစ်ဂျစ်အသံတွေကို
မြောက်ပင်လယ်ထဲက ပြန်ထွက်လာနိုင်ပါ့မလား မသေချာတဲ့
ငါ့ဆီ ထပ်ဆင့် ထပ်ဆင့် လွှင့်ထုတ်နေ

     ပိုင်ဉာဏ်
     9th January, 2021

Comments

Popular posts from this blog

ပန်းပွင့်တွေရဲ့ဝေါ့လ်ဇ် (waltz of the flowers)

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ