နိုင်ငံတော်သစ်အတွက် သတင်းစကား

စက်ဘီးလမ်းကြောင်း ပေးထားတဲ့ အဝါရောင်မျဉ်းအတိုင်း
လိုက်သွားမယ်ဆိုရင် မင်းအရင်ဆုံး မြင်ရမှာက
မိုးထဲရေထဲမှာ အနက်ရောင် ထီးရှည်တစ်လက်ကို
လက်ကကိုင်ထားတဲ့ မိုးရေစက်လက် ငါ့တိုင်းပြည်
ဒီလို ငါ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းကို ပင်လယ်ပြင်မှာ ကုန်ဆုံးခဲ့ပြီး
ငါ့အချစ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ဟင်းလင်းပြင်မှာ ပျောက်ဆုံးခဲ့ပြီး
ယန်စီမြစ်ဆီက ဘာမှမရလို့ ကိုစုန်းရေးခဲ့သလို
ငါ ဒီတိုင်းပြည်ဆီက ဘာမှမရခဲ့တဲ့အပြင်
အေဂျီယန်ပင်လယ်ဆီက ဘာမှမရ
မြောက်ပင်လယ်ဆီက ဘာမှမရ
နောက်ဆုံး ငါ့ကို အိမ်အရပ်ဆီ ပြန်ပို့ပေးခဲ့တဲ့
မစ္စစ္စပီမြစ်ကြီးဆီကတောင်ငါ ဘာမှမရခဲ့ပေမယ့်
အချိန်ကျပြီဆိုပြီး တော်လှန်ရေးပန်းခြံရှေ့မှာ
တောက်ထုတ်လိုက်တဲ့ ငါ့ဆေးလိပ်တို အစီခံဟာ
သုံးဆယ့်သုံးနှစ် ကြာပြီးမှ ကျည်ဆန်ခွံအဖြစ်
ကျောက်မြောင်းလမ်းဆုံက မီးခိုးငွေ့တွေကြားထဲ ပြန်ပေါ်လာတယ်
တစ်နေ့လုံးတစ်ညလုံးမအိပ်ပဲ သတင်းစကားတစ်ခုကို
ငါတို့ ချစ်သူကိုပွေ့သလို သယ်ယူခဲ့ရ
အဲဒီသတင်းစကားတစ်ခုကပဲ
ငါတို့ဘဝတွေကို ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားစေတာ
သစ်ဆွေးတစ်တုံးလို တမြေ့မြေ့ လောင်ကျွမ်းသွားစေတာ
နွေဦးပန်းတွေ ပွင့်ဝေလာမယ့်အချိန်ကို
ငါတို့အသက်တွေနဲ့ရင်းပြီး စောင့်မျှော်နေရတာ


ပိုင်ဉာဏ်
5th June, 2022

Comments

Popular posts from this blog

စက္ကူမြို့ရဲ့ အနီရောင်နှင်းဆီပန်းတွေအတွက် အချစ်ကဗျာတစ်ပုဒ်

ပန်းပွင့်တွေရဲ့ဝေါ့လ်ဇ် (waltz of the flowers)

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း