အရှိတရားကမ်းပါးစွန်းများအတွက် အချစ်ကဗျာတစ်ပုဒ်
အရှိတရားကမ်းပါးစွန်းများ ညဟာ ခုခံသူမှန်သမျှကို
အဆုံးစွန်ထိ ချေမှုန်းပစ်တယ် သွေးအတိပြီးတဲ့ ရန်ကုန်မြို့ကြီးကို
နှင်းဆီတစ်ရှိုက်နဲ့ ရမ်တစ်ခွက်နဲ့ အသက်ဆက်ဖို့ ဝေးသူတို့ရဲ့
ပိန်းပိတ်အမှောင်ထုထဲမှာ တိတ်တဆိတ် ငါနေထိုင်နေပုံ နောက်ပြီး မနက်နေရောင်က မင်းမျက်ခွံတွေအပေါ်
တအိအိ ထိုးစိုက်ဆင်းလာပုံ ဒီလိုတော်လှန်ရေးတိုင်းကို ချစ်ရသူရဲ့ ရင်သားတွေလို
ငါပျော်ရွှင်ပါတယ် အကယ်၍ ငါတို့ပျောက်ဆုံးသွားမယ်ဆိုရင် တိုက်ရိုက်ထုတ်လွှင့်နေတဲ့
ရုပ်မြင်သံကြား အစီအစဉ်တွေထဲမှာ ငါတို့ရဲ့ လူလုပ်မှတ်ဉာဏ်တွေကို ပြန်မတွေ့တွေ့အောင်
ရှာပါ သောကြာညကောင်းကင်အပြည့် လိပ်ပြာအသေတွေချည်း ခင်းထားတဲ့ သဲကန္တာရပေါ် ငါ
အရည်မရ အဖတ်မရ ဖြတ်လျှောက်တော့ နာရီလက်တံတွေဟာ သမိုင်းစက်ဝန်းပြောင်းပြန်အတိုင်း
အရူးအမူး လည်ပတ်နေပြီး အမိုးပေါ် တဖျောက်ဖျောက်ကျလာတဲ့ မိုးနှင်းပေါက်တွေဟာ
နယ်ဝေးခေါ်ဆိုမှုတစ်ခုကို ထပ်ခါတလဲလဲ ပြုလုပ်နေပြီး မနက် ၃ နာရီဆိုတဲ့အချိန်ဟာ
ငါ့လက်ထဲကနေ လျှောတိုက်ဆင်းသွားပြီး မင်း မမက်ရသေးတဲ့ အိပ်မက်တွေဆီ အရောက်ချီတက်
လာနေလေရဲ့ ဒီလိုပါ ဒီမနက် မိုးတွေကျလာပုံက စမ်းချောင်းညရဲ့ တက္ကစီတစ်စီးပေါ်က
မွတ်သိပ်အနမ်းတွေ တဖြည်းဖြည်းနဲ့ တောက်ပလာခဲ့သလိုမျိုး ငါ့အတွေးတွေဟာ
မင်းဆီမရပ်မနား အချိန်ကျပြီဆိုတာနဲ့ စက်လှေကားထိပ်ဆုံး ရောက်ခါနီးတိုင်းမှာ
သေမတတ်လွမ်းကြောင်း ငါအော်မယ် ဒီလိုပါ ဒီမနက် နှင်းတွေကျလာပုံက
ပင်လယ်လရောင်အောက်မှာ ရေငုပ်သင်္ဘောတစ်စီး အသက်အောင့်ထားရာကနေ ရေနွေးစပ်ထားတဲ့
ရေချိုးဇလုံထဲ ဘွားခနဲ ပေါ်လာသလိုမျိုး ခေါင်းငုံ့ကာအတိတ်မဲ့ ချစ်ခြင်းတရား အကယ်၍
အလင်းက လှိုင်းအမှုန်ဒွန်တွဲမှု မဟုတ်နေဘူးဆိုရင် ငါ့ဘဝဟာ မင်းကိုတွေ့မှ
ပြောင်းပြန်စီးဆင်းတဲ့မြစ်တစ်စင်း ရေစက်ကို ငါမယုံလို့ ဆူးလေလမ်းမရဲ့
မိုးမျှော်တိုက်တစ်ခုပေါ်ကနေ ရန်ကုန်မြစ်ထဲ ခုန်ချတယ် ပြီး ရေစက်ကို ငါယုံသွားတယ်
ပိုင်ဉာဏ်
9th June, 2022
Comments
Post a Comment