where my rosemary goes*
ငါ မျက်လုံးတွေကို မမှိတ်ချင်သေးပဲ မင်းမျက်ခွံတွေကို နမ်းတဲ့အခါ နီတဲ့သွေး ရဲရင့်လို့ ငါကညည်းမိတော့ ရန်သူ မင်းရှေ့ကို ချီတက်ခဲ့ပြီ မင်းက လိုက်ညည်းတဲ့အခါ အချိန်ကာလက သူ့ရဲ့အပြစ်စိတ်ကို ငါတို့ကိုယ်ပေါ်အနှံ့ အန်ထုတ်ပစ်ခဲ့ သူ့ရဲ့ကျောရိုးကို တစ်ဆစ်ချင်းစီ သူကိုယ်တိုင် စိတ်ရှည်လက်ရှည် ထိုင်ဖြုတ်ပြီး မြို့အနှံ့ ကြဲချထားခဲ့ ဒီလိုကျောရိုးမဲ့ညရဲ့ ဒီလိုအမှောင်ထုထဲ အသံတစ်စက်မထွက်ပဲ ငါတို့လက်တွေ ကျစ်ကျစ်ဆုပ်ပြီး အားတင်းကျော်ဖြတ်ခဲ့တာ ငါတို့ကျောချင်းကပ်ပြီး ဓားရှည်တွေကို အဆက်မပြတ် ဝှေ့ယမ်း ခုခံခဲ့တာ အကယ်၍များ ငါ့လက်ထဲက မင်းယူသောက်တဲ့ စီးကရက်တစ်လိပ်ကနေ ပန်းတွေပွင့်လာမယ်ဆိုရင် အဲဒီပန်းတွေဟာ အဝါရောင် dandelion တွေ ဖြစ်မယ် ပြတင်းတံခါးတစ်ခု ပွင့်သွားပြီး အဲဒီကနေ ခုန်ချထွက်ပြေးသွားမယ့် ကွင်းပြင်တစ်ခု ရှိမယ်ဆိုရင် အဲဒီကွင်းပြင်ဟာ ငါ့လက်ဖဝါးထဲမှာ လုံခြုံနေမယ့် မင်းရဲ့ လက်ချောင်းရှည်ရှည်လေးတွေ ဖြစ်မယ် ဒီလိုအရာရာတိုင်းကို ငါ့ပေါ်တစက်စက်ကျနေတဲ့ မိုးပေါက်တွေရဲ့ အိမ်အပြန်လမ်းဆီ ထည့်ပေးလိုက်ဖို့ ဒီလိုနေရာတိုင်းကို တစ္ဆေတစ်ကောင်လို ငါ့ကျောပိုးအိတ်ထဲ ထည့်ထားပြီး သေလွန်သူတွေရဲ့မြို့ကို သွားဖို့ လမ်းပေါ်လက်ပြ တားလိုက်တော့ မိုးမခပင်တွေ ထိုင်လိုက်လာပြီး မိုးမခပင်တွေနေတဲ့ တောအုပ်ဆီ ရောက်တော့ ငါမပြောခဲ့ရတဲ့ စကားတွေက အနက်ရောင်ပိတ်ကားပေါ်မှာ အဖြူရောင်စာတန်းနဲ့ ပေါ်လာပြီး မင်းလှည့်မကြည့်မိခင်လေးမှာပဲ သူ့အလိုအလျောက် လောင်ကျွမ်းပြာကျသွားတယ် ပြီးတော့ ငါ့အပြိုင်ကမ္ဘာက တဖြည်းဖြည်းချင်း လည်ပတ်တယ်
ပိုင်ဉာဏ်
19th June, 2022
*Love Grows (Where My Rosemary Goes) - Edison Lighthouse
Comments
Post a Comment