စောင့်ဆိုင်းရခြင်းရဲ့ အချက်ပြမီးကျည်

မီးကျည်ကို အတောက်ပဆုံး မြင်နိုင်ဖို့ ညပင်လယ်ပြင်မှာ ငါတို့တစ်ဘဝလုံး ကုန်ဆုံးခဲ့တယ်
ပြီးတော့ ရက်နောက်တစ်ရက်ကို အပိုင်းပိုင်းအပြတ်ပြတ် တွေ့နိုင်တဲ့နေရာအထိ ငါတို့ အမြဲပြန်လာတယ်
မီးကျည်ဟာ ချစ်ရသူရဲ့ ဆံထိုးအသွယ်သွယ်ကို ကိုယ်မှာလွယ်ပြီး မြို့ရဲ့အထက်ကို ထိုးတက်သွားတယ်
ငါတို့ရဲ့ခေါင်းတွေ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားတဲ့အချိန်ကို ငါတို့ကိုယ်တိုင် မျှော်လင့်နေခဲ့ရတဲ့အဖြစ်
မီးကျည် အဝေးအရပ်ဆီ သယ်ဆောင်သွားတာ လူထုရဲ့ စောင့်ဆိုင်းလွန်စိတ်ဝေဒနာပဲ ဖြစ်တယ်
ငါတို့ နားစိုက်ထောင်မှ ကြားရမဲ့ ဆွဲဆွဲငင်ငင်အူသံကို အနာဂတ်နိုင်ငံတော်သစ်လို့ ခေါ်တွင်တယ်
မီးကျည်ရဲ့အတိတ်ကို ကာလတရားမဲ့ ကျောက်တုံးတစ်တုံးအဖြစ် သတ်မှတ်ပေးဖို့ ငါစဉ်းစားထားတယ်
တိုက်ပွဲရဲ့ ပုံပန်းသဏ္ဍာန်ကို ငါတို့ ဘယ်လောက်ဝေးဝေး ပြေးနိုင်လဲဆိုတာနဲ့ တိုင်းတာတယ်
မိုးပေါက်တွေကျလာတော့ မီးကျည်တွေ အဆက်မပြတ်ပစ်ပြီး ညရဲ့ထုထည်ကို ငါတို့ ခုခံတိုက်ခိုက်တယ်
အချိန်ချက်ကြိုးကို ရအောင်ဖြတ်ပြီး မြို့တံတိုင်းဘေးအထိရောက်အောင် ငါတို့သွားတယ်
ညရဲ့အစုပြမှတ်ဉာဏ်ထဲမှာ ငါတို့ဟာ ဒီနေ့ပဲ မီးလောင်ပြင်ထဲ သေဆုံးတော့မဲ့ ရုပ်ကြွင်းစုတွေ
ပြာကျသွားပြီးတဲ့ အချိန်မှာမှ ငါတို့တွေအကုန် စုပေါင်းပြီး ဘုရင်တစ်ပါးအဖြစ် ပြန်ပေါ်ထွက်လာတယ်
သမိုင်းဖြစ်စဉ်ဟာ ရပ်တန့်နေနိုင်ပေမဲ့ ညကောင်းကင်က မဖြစ်မနေ ဆက်သွားဖို့ လိုပါတယ်
ငါတို့ကိုယ်တိုင်ကတော့ စောင့်ဆိုင်းရခြင်းရဲ့ အချက်ပြမီးကျည်တွေ


ပိုင်ဉာဏ်

13th June, 2022

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်