တကယ်လို့များ ဒီညမှာ တံခါးဖွင့်ပြီး ဘုရားပွင့်ခဲ့မယ်ဆိုရင်

တကယ်လို့များ ဒီညမှာ တံခါးဖွင့်ပြီး ဘုရားပွင့်ခဲ့မယ်ဆိုရင် မင်းလုပ်ရမှာက ကိုယ့်နှုတ်ခမ်းကိုယ် သွေးစိမ်းရှင်ရှင် ထွက်တဲ့အထိ ဖိကိုက်ထားဖို့ပဲ မင်းချစ်သူကတော့ မင်းကိုပြောမှာပေါ့ လာပါအချစ်ရယ် ကိုယ်တို့ ဆူးလေလမ်းဆုံ လူကူးကုန်းကျော် လေးဖက်လေးတန်ရဲ့ အလယ်တည့်တည့်မှာ တစ်ယောက်ကိုတစ်ယောက် တင်းတင်းဖက်ထားပြီး စောက်ရူးထရအောင် ဆိုပြီးတော့ပေါ့ ညမီးကြီးအောက်မှာ သွေးနဲ့ ပြောင်လက်နေတဲ့ ကတ္တရာလမ်းမတွေ လှည်းတန်းရဲ့ လူအုပ်ကြီးက တက္ကသိုလ်ရိပ်သာလမ်းပေါ် လျှံကျပြီး ဘယ်ရီဂိတ်တွေကို ဖောက်ထွက်ဖို့ သူတို့ကိုယ်တွေနဲ့ တွန်းတိုက်ကြိုးစားနေကြတုန်းမှာ သံသရာဆိုတာ စောက်ရူးအသားကုန်ထခြင်းပဲလို့ ဘုရားက ငါ့ကို ကပ်တိုးလေး ဟောတော်မူတယ် မိုးခုနစ်ကြိမ်ကျ နွေရှစ်ကြိမ်တောက်ပြီးတဲ့ အခါမှာမှ ငါ့ရင်ဝကို ခြေစုံကန်သွားတဲ့ မိန်းမတွေ သူတို့စိတ်မပါပါပဲနဲ့ ကျွတ်တမ်းဝင်တော်မူတယ်

တကယ်လို့များ ဒီညရဲ့ ရှည်ကြာချိန်က ဂင်္ဂါဝါဠု သဲစုမက ဖြစ်လာပြီဆို ဘိတ်မှာရှိတဲ့ ငါ့ကောင်တစ်ကောင်ဆီက ဘက်ဟိုးတစ်စီး ငှားပါ ညကို တစ်ကော်ချင်းစီ ကော်ပြီးတိုင်း အင်းလျားကန်ထဲ ပြည်လမ်းကန်ဘောင်ပေါ်ကနေ ပစ်ချပါ တစ်ရှူးစကို အနေတော်ဖြတ်ယူပြီးရင် သုံးခေါက်ခေါက်ပြီး ဘီယာခွက်အောက်ခံဖို့ မမေ့နဲ့ ဒီလိုပဲ ဘာစောက်အဓိပ္ပာယ်မှမရှိတဲ့ သမိုင်းဟာ မင်းတို့ငါတို့ကို စောက်ဒုက္ခပေးဖို့သက်သက် တစ်ပတ်လည်ပြီးတော့ စောက်ခွက်ကြီးဖြီးပြီး တစ်ပတ်မက နှစ်ပတ် သုံးပတ် လည်ပြီးတော့ ညတွေကုန်သွားပြီး မနက်တွေရောက်လာတယ် နေလုံးနီနီကို ငါ့ကြောင်ရဲ့ မျက်လုံးတွေကတဆင့် လှမ်းမြင်တော့ သောက်တော်ရေ ကပ်ပြီးတိုင်းမှာ ငါ့အမေရွတ်ဖတ်နေကျ ဘုရားစာတွေကို ငါမေ့သွားတယ် ငါလမ်းပေါ်ထွက်တော့မယ့် အချိန်တိုင်းမှာ ငါ့ခေါင်းကိုကိုင်ပြီး သူရွတ်ဖတ်တဲ့ အန္တရာယ်ကင်း ဂါထာလည်း ငါမေ့သွားတယ်


ပိုင်ဉာဏ်

3rd June, 2022

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်