ရှစ်မိုင်ကားမှတ်တိုင်အတွက် အချစ်ကဗျာတစ်ပုဒ်

ငါ ရန်ကုန်မြို့ကြီးဆီ ပြန်ရောက်လာတော့ ရှစ်မိုင်ကုန်းကျော်တံတားဟာ
လူတိုင်းရဲ့ အဆီအငေါ်မတည့်မှုကို တစ်ကောင်တည်း ကြိတ်လှောင်နေတဲ့
အရွယ်ရောက်နေနှင့်ပြီ ငါ့ဘဝရဲ့ အချိန်တော်တော်များများကို ဘတ်စ်ကားပေါ်က
နားကြပ်တွေထဲမှာ ကုန်ဆုံးခဲ့တယ် ငါ မတ်တပ်ထရပ်တယ် ဘဲလ်နှိပ်တယ်
ကျိုက်ဝိုင်းဘုရားလမ်းပေါ်မှာ ကီးမားပလာတာ သုံးချပ် ဝယ်တယ်
ပြီးတော့ ရှစ်မိုင်ကားမှတ်တိုင်ကို ငါ့ငယ်ပေါင်းကြီးဖော်လို သေးကော့ပန်းခဲ့တာပါပဲ
ငါတို့ တစ်မိုင်တိတိ လမ်းလျှောက်ကြတဲ့ ညနေခင်းတွေတုန်းကလို့ ပြောဖို့
အကွာအဝေးဟာ တစ်မိုင်တိတိ ဂျန်းရှင်းစီးတီးဘလူးစ်ကို ဂျန်းရှင်းစီးတီး
လူလယ်ကောင်မှာ သံနေသံထားနဲ့ ရွတ်ဖို့ အကွာအဝေးဟာ တစ်မိုင်တိတိ
မြစ်ကိုဖြတ်ပြီး တိုက်လာတဲ့ စောက်ရူးလေတွေကို ငါတို့ဟားတိုက်နေခဲ့တုန်းကလည်း
အကွာအဝေးဟာ တစ်မိုင်တိတိ ညတိုင်းညတိုင်းမှာ ရှစ်မိုင်တံတားပေါ်က
ငါတို့စီးလာတဲ့ ကားအသေးလေး လွင့်ကျသွားတယ်ဆိုတဲ့ အိပ်မက်အသေတွေအစား
ကျောက်မြောင်းထဲက စောက်ရမ်းဟောင်တဲ့ ခွေးတွေကိုပဲ ဆရာတင်ပြီး အူလိုက်ချင်တယ်
အချိန်ဟာ လမ်းမတော်သွားတုန်းက ကကတစ်စီးပေါ်မှာ ကျန်ခဲ့တဲ့ မိုဘိုင်းဖုန်းတစ်လုံးလိုဖြစ်မယ်
လူကြီးမင်းခေါ်ဆိုသော နံပါတ်မှာ မြန်မာပလာဇာပေါ်မှ ခုန်ချသွားပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်
ဟာ ဒီစောက်ဖုန်း ဆိုပြီး ငါ့မှတ်ဉာဏ်ငါဖြုတ် နံရံဆီ ကောက်ပစ်ပေါက်လိုက်တယ်
သွေးတွေထွေးခနဲ ။


ပိုင်ဉာဏ်
16th May, 2021

~ to xick and latt loon

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်