ဂျိမ်းစ်ရဲ့အိမ်ပြန်ခရီးအတွက် အချစ်ကဗျာတစ်ပုဒ်


ဂျိမ်းစ်ရေ ငါတို့ အိမ်ပြန်ကြရအောင်
တကယ်ရှိမရှိမသိတော့တဲ့ အိမ်တစ်လုံးဆီ ငါတို့ပြန်ကြရအောင် ဂျိမ်းစ်ရေ
တော်လှန်ရေးထဲ စိုက်ဝင်နေတဲ့ မင်းရဲ့သံလိုက်အိမ်မြောင်ကို တစ်ရစ်ချင်း ဆွဲထုတ်ပြီး
ငါတို့ အိမ်ကိုပြန်ကြမယ် လရောင်အောက်က ဂစ်တာသံတွေကိုလည်း မေ့ပြီး
ငါတို့ အိမ်ပြန်ကြရအောင် နှင်းမုန်တိုင်းတစ်ခုထဲ သဲမုန်တိုင်းတစ်ခု
ရောပြီးတိုက်ခတ်လာတာကို မင်းရောငါရော အဆန်းတကြယ် ဖြစ်ခဲ့ရသလိုမျိုး
ငါတို့ ဘယ်တုန်းကမှ မချစ်ခဲ့တဲ့ တိုင်းပြည်ကို ခေတ်ဆိုးကြီးထဲရောက်မှ
နာနာကျင်ကျင် ငါတို့ ချစ်မက်ရသလိုမျိုး comfortably numb ကို
မင်းတစ်လုံးချင်း တီးခတ်နေတုန်းမှာပဲ တိမ်တွေကို လက်ပြပြီး
အခု ငါတို့ အိမ်ကိုပြန်ကြမယ် ဂျိမ်းစ်ရေ
စစ်ပွဲတွေကြားထဲမှာပဲ ငါတို့အချင်းချင်း တီးတိုးပြောဖြစ်ကြတဲ့
စောက်သုံးမကျတဲ့ ဟာသတွေကို ဒါဟာဘဝပါလို့ပဲ အော်ရယ်ပြီး
ဒီစစ်ပွဲပြီးတာနဲ့ ငါတို့ဘဝတွေဆီ ငါတို့ပြန်သွားကြမယ် ဂျိမ်းစ်ရေ
ရန်ကုန်မြို့ကြီးရဲ့ တော်လှန်ရေးထဲမှာ ငါတို့တရှိုက်မက်မက် ရှုသွင်းခဲ့တဲ့ ဓာတ်ငွေ့တွေ
ငါတို့ ဆေးလိပ်ထိုင်သောက်ရင်း လွမ်းမောခဲ့ကြတဲ့ လမ်းလယ်ကျွန်းရဲ့ အမှောင်ထုတွေ
ကတုတ်ကျင်းတွေရဲ့နောက်မှာ ငါတို့လူငယ်ဘဝကို ယစ်ပူဇော်ခဲ့တာတွေ
ကျွန်းတောလမ်းပေါ်မှာ ငါတို့အော်ရယ်လိုက်တိုင်းထွက်လာတဲ့ အဆက်မပြတ် ဗုံးသံတွေ
ရန်ကုန်ကို ငါတို့ချစ်သလောက် ရန်ကုန်ကို ငါတို့ အပြင်းအထန် ရွံရှာခဲ့ရတာတွေ
အိမ်ပြန်ခရီးဆိုတာ နီးသလောက်ကိုပဲ ဝေးတယ်ကွဲ့ ဂျိမ်းစ်ရဲ့
ဆန့်ကျင်သူ မျိုးဆက်တွေ အကုန်လုံးကို ကြိုးပေးလိုက်တဲ့ အမိန့်ပြန်တမ်းထုတ်ပြီး
ရန်ကုန်မြစ်ရဲ့ ဒီရေတွေနဲ့အတူ ရန်ကုန်မြို့ထဲ မကောင်းဆိုးဝါးတွေ စီးဝင်လာတဲ့
ညကြီးတစ်ညမှာ ငါတို့ကိုယ်ငါတို့ ဖောက်ခွဲပြီး အလံတိုင်ထိပ် ပစ်တင်ခဲ့ကြတာပေါ့
ငါတို့ဘဝတွေဟာ စောက်သုံးမကျတဲ့ ဟာသတွေပါပဲလား ဂျိမ်းစ်ရေ
ငါကအလံကိုင် မင်းကဒိုင်းကိုင်ပေမယ့် ငါတို့နောက်မှာ မြင်းတပ်မရှိပဲ ချီတက်ခဲ့ရတာတွေ
ရေဆိုးမြောင်းထဲ ဆင်းပုန်းခဲ့ရတဲ့ ငါတို့ရဲဘော်တွေကို သတင်းကြားမှပဲ စုတ်သပ်နိုင်ခဲ့တာတွေ
ငါတို့ ဂျိုကာဖဲကို ရအောင်ဆွဲနေတုန်းက တော်လှန်ရေးကို မေ့ထားတဲ့ အခိုက်အတန့်တွေဆိုတာ
တကယ်ရှိခဲ့တာပေါ့ ဗိုလ်ချုပ်လမ်းလယ်မှာ ဆောင့်ကြောင့်ထိုင်ပြီး မုတ်ဆိတ်ကျင်စွယ်တွေကို
ရိတ်သင်ရင်း ငါတို့အိမ်ပြန်ခရီးကို ငါပြန်စဉ်းစားနေမိခဲ့တာပေါ့ ဂျိမ်းစ်ရေ
ဒီတိုင်းပြည်ဟာ မင်းကာထားတဲ့ ဒိုင်းကို ဖောက်ပစ်လိုက်ကတည်းက မင်းရဲ့အိမ်ဟာ
ဘယ်အရပ်မှာ ရှိနေမလဲ ဂျိမ်းစ်ရေ ငါတို့ဘဝမှာ  လူပျောက်ကြော်ငြာထဲ
ငါတို့ကိုယ်ငါတို့ ထည့်ရလိမ့်မယ်လို့ ဘယ်ထင်ခဲ့မှာလဲ ဂျိမ်းစ် အရာအားလုံးဟာ အစီအစဉ်တကျပဲ
ကမ္ဘာအေးရဲ့ အမှောင်ထုထဲ ငါတို့အရွက်တွေလို မူးလို့ လရောင်အောက်က ကြာပွတ်တွေ
ကျောက်မြောင်းရဲ့ ပဉ္စလက်ဆန်ခြင်းတွေကို ငါသိခဲ့ပြီးမှ ငါမမှတ်မိတော့တာတွေ
ဒီမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးသလို လူတွေ ပျောက်ဆုံးသွားခဲ့တာတွေ
တစ်ယောက်ယောက်က မင်းအစား ငါ့ကိုပဲ ဓားနဲ့ထိုးပြီး ထွက်ပြေးသွားစေချင်ခဲ့တာတွေ
ငါတို့သူရဲကောင်းတွေ ရူးသွားတာတွေကိုကြည့်ပြီး ငါတို့ ဘာမပြော ညာမပြော ရူးသွားတာတွေ
ငါ့ခေါင်းထဲက ကျည်ဆန်ကို ထုတ်ဖို့ ကြိုးစားနေရင်း
မင်းကို အိမ်လိုက်မပို့နိုင်တော့တာအတွက် ငါအားနာနေရတာတွေ
ဒီမိုးဒီလေနဲ့ ဒီတိုင်းပြည်ကြီးထဲ
မင်းအိမ်ကိုမင်း ပြန်ရောက်ရဲ့လား ဂျိမ်းစ်ရေ

ပိုင်ဉာဏ်
29th May, 2021

(လတ်လွန်းသို့)

ညွှန်း။ ဂျိမ်းစ်ရေ - လတ်လွန်းဝေဦး

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်