ဘာကြောင့် စိတ်ကျန်းမာရေးက နိုင်ငံရေးပြဿနာတစ်ရပ်လဲ ဆိုတာ - Mark Fisher (16-Jul-2012)


 

“လူမှုဖူလုံရေးကြောင့် သတ်သေကြတယ်ဆိုတာ မရှိဘူး။ သတ်သေတယ်ဆိုတာ စိတ်ကျန်းမာရေး ပြဿနာ သက်သက်ပဲ။” 
လေဘာပါတီ အရာရှိဟောင်း Luke Bozier ရဲ့ ဒီပြောစကားကိုကြည့်ပြီး Calum’s List ဆိုတဲ့ ဝက်ဘ်ဆိုက်ကို လက်ယာစွန်းတွေ ဘယ်လိုပုံစံ တုံ့ပြန်ကြတယ် ဆိုတာကို ကောက်ချက်ချနိုင်ပါတယ်။ တည်ထောင်သူတွေရဲ့ အဆိုအရ Calum’s List ရဲ့ ရည်ရွယ်ချက်က “လူမှုဖူလုံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ဖြစ်နိုင်ခဲ့သော သေဆုံးမှုများကို မှတ်သားထားရန်နှင့် အဆိုပါ သေဆုံးမှုဖြစ်စဉ်များကို လျှော့ချနိုင်မည့် အားထုတ်မှုများကို လုပ်ဆောင်သွားရန်” လို့ ဖော်ပြထားပါတယ်။ Bozier ရဲ့ twitter comment တွေက တကယ်တော့ Spectator မှာ ရေးထားတဲ့ Isabel Hardman နဲ့ Telegraph မှာ ရေးထားတဲ့ Brendan O’Neill တို့ရဲ့ blogpost ‌တွေကို အခြေခံယူပြီး ပြောနေတာတွေပါပဲ။

Calum’s List ကို ဒီသုံးယောက် တုံ့ပြန်ထားတဲ့အထဲမှာ ကျိုးကြောင်းမညီညွတ်တဲ့ အငြင်းအဆိုတွေ အများကြီးကနေ Freud ရဲ့ ရေနွေးအိုးယုတ္တိ (ခင်ဗျားရေနွေးအိုး ကျနော်မငှားသွားဘူး၊ ကျနော် ငှားသွားတုန်းကတည်းက ရေနွေးအိုးက ကွဲနေတာ၊ ကျနော်ပြန်ပေးတော့ ရေနွေးအိုးက ဘာမှဖြစ်မနေဘူး) အ‌ငွေ့အသက်တွေ နည်းနည်းလေးမကဘူး ရနေတယ်။ သူတို့ရဲ့ အဓိကကျတဲ့ အဆိုတွေကတော့ အောက်ပါတွေအတိုင်းပါပဲ။ သတ်သေမှုတွေက အပြောင်းအလဲကြောင့် ဖြစ်တာမဟုတ်လို့ ဒီကိစ္စတွေကို ပြောနေတာက သက်သက်မဲ့ ကိုယ်ကျိုးရှာ အမြတ်ထုတ်နေတာ၊ သတ်သေမှုတွေက ပြုပြင်ပြောင်းလဲမှုတွေကြောင့် ဖြစ်တယ် ဆိုရင်တောင် ဒါဟာ ပြုပြင်ပြောင်းလဲမှုတွေကို စွန့်ပစ်လိုက်ဖို့ လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်ဘူး၊ ပြဿနာက ပြုပြင်ပြောင်းလဲရေးတွေကိုယ်တိုင် မဟုတ်ပဲ စီမံခန့်ခွဲပုံ ခန့်ခွဲနည်းတွေကြောင့်ပဲ ဖြစ်တယ် (ဥပမာ - လုပ်ငန်းခွင် အတင်းအကြပ် ပြန်ဝင်ခိုင်းခံရတဲ့သူတွေကို လုံလုံလောက်လောက် ထောက်ပံ့ပေးသင့်တယ်)၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်ဆိုတာ ဆင်ခြင်တုံရှိတဲ့လုပ်ရပ် မဟုတ်တဲ့အတွက် နိုင်ငံရေးအရ အရေးပါအရာရောက်မှု ဘယ်လိုမှ မရှိနိုင်ဘူး။

ဒီနေရာမှာ ကျနော်က သတ်သေမှု တစ်ခုစီတိုင်းက ဥပဒေအသစ်ကြောင့် ဟုတ်မဟုတ် ဆိုတာကို ငြင်းဆိုချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ သတ်သေမှုတွေကို လူမှုဖူလုံရေးစနစ် အပြောင်းအလဲတွေနဲ့ ပတ်သက်တဲ့ ဆန်းစစ်မှုတွေမှာ သက်သေသာဓကအဖြစ် တင်သွင်းခွင့်မရှိဘူးဆိုတဲ့ အံ့ဩဘနန်း ဆန်းကြယ်လှတဲ့ အတွေးအခေါ်ကို ကျနော် တုံ့ပြန်ချေပချင်တာပါ။ တကယ်လို့ ဥပဒေတစ်ရပ်ရဲ့ ဆိုးကျိုးတွေကို ဆန်းစစ်မယ်ဆိုရင် အဲဒီဥပဒေကို အကောင်အထည်ဖော် အသက်သွင်းပုံတွေကြောင့် လူတွေသေရတာကို သက်သေသာဓကအဖြစ် တင်သွင်းခွင့်မရှိဘူးဆိုရင် ဘယ်ဟာကိုများ တင်သွင်းခွင့် ရှိဦးမှာလဲ။

O’Neill ရဲ့ မိမိကိုယ်ကို သတ်သေခြင်းအဖြစ်ကို မြင်တဲ့အမြင်မျိုးက ထူးထူးဆန်းဆန်းကို တင်ကြိုဝေဖန် ဆန့်ကျင်နေတာမျိုး ဖြစ်ပြီး သတ်သေတယ်ဆိုတာ “စီးပွားရေးခက်ခဲမှုအပေါ် ဆင်ခြင်တုံတရားရှိတဲ့ တုံ့ပြန်မှု မဟုတ်သလို ‌ထောက်ပံ့ကြေးတွေ လျှော့ခံရတဲ့အပေါ် ဆင်ခြင်တုံတရားရှိရှိ တုံ့ပြန်နေတာလည်း မဟုတ်ပါဘူး” လို့ ငြင်းဆိုထားတယ်။ ဒါက တော်တော်ကြီးကို အံ့မခန်း လွဲချော်နေတာမျိုးပဲ၊ စိတ်ဝေဒနာ ခံစားနေရတဲ့ သူတွေဆိုတာ ဆင်ခြင်တုံရှိရှိ ပြုမူနိုင်တဲ့စွမ်းရည် ချို့တဲ့နေတာ ဖြစ်ပြီး အဲဒါကြောင့်ပဲ သူတို့ကို ကာကွယ်ပေးဖို့ လိုအပ်တာပါ။ လုပ်ငန်းခွင်ပြန်ဝင်ရမယ့် သူတွေအတွက် သင့်တော်တဲ့ အထောက်အပံ့မျိုး ရသင့်တယ်ဆိုတဲ့ အမြင်မျိုး အတွက်ကတော့ အဲဒီလို အထောက်အပံ့မျိုး မရှိတာကိုက ပြဿနာပါပဲ။ ‌ထောက်ပံ့ကြေး လျှောက်ထားသူတွေမှာ အလုပ်လုပ်နိုင်စွမ်းရှိမရှိ စစ်ဆေးတဲ့ Atos လို အေဂျင်စီမျိုးဆိုလည်း သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို အယူခံဝင်ကြတဲ့ ကိစ္စတွေ အများကြီး ကြုံနေတာမျိုး တွေ့ရတယ်။ A4e လို နာမည်ပျက်ရှိနေတဲ့ အေဂျင်စီကို အကူးအပြောင်းကာလအတွက် စိတ်ချလက်ချအပ်နှံတဲ့ အစိုးရမျိုးက လုပ်ငန်းခွင်ပြန်ဝင်ရတဲ့သူတွေကို စနစ်တကျ အထောက်အပံ့ပေးမယ်ဆိုတာ ဘယ်သူကများ ယုံကြည်နိုင်မှာလဲ။

ဒါပေမဲ့ ဒီထက်ပိုကျယ်ပြန့်တဲ့ ပြဿနာတစ်ခုက ရှိနေတယ်။ Calum’s List ကို ပြစ်တင်ဝေဖန်တဲ့ လက်ယာစွန်းသမားတစ်ချို့က စိတ်ကျန်းမာရေးပြဿနာကို “နိုင်ငံရေးကိစ္စအဖြစ် ပုံဖော်ခြင်း” ဆိုပြီး ရှုံ့ချနေကြပေမယ့် တကယ့်ပြဿနာက အဲဒီအဖြစ်နဲ့ ပြောင်းပြန်ပဲ။ စိတ်ကျန်းမာရေးပြဿနာကို နိုင်ငံရေးကိစ္စအဖြစ်ကနေ လျှောချခံထားရတာကြောင့်ပဲ ကျနော်တို့ဟာ စိတ်ကျဝေဒနာဆိုတာ NHS မှာ သွားပြရမယ့် ရောဂါဆိုတဲ့ အနေအထားတစ်ခုကို ဒီအတိုင်း လက်ခံထားကြတာ ဖြစ်တယ်။ ၁၉၈၀ ပြည့်နှစ်တွေရဲ့ Thatcher အစိုးရတွေကနေ စတင်ခဲ့ပြီး New Labour ‌ခေတ်ပြီးတော့ လက်ရှိညွန့်ပေါင်းအစိုးရအထိ ဆက်ခံထားတဲ့ နီယိုလစ်ဘရယ် ပေါ်လစီတွေကြောင့်ပဲ စိတ်ဖိစီးမှုဆိုတာက တစ်သီးပုဂ္ဂလကိစ္စဆိုပြီး ဖြစ်လာတာဖြစ်တယ်။ နီယိုလစ်ဘရယ် အုပ်ချုပ်မှုအောက်မှာ အလုပ်သမားတွေ အနေနဲ့ သူတို့ရဲ့ လုပ်ခလစာတွေ တိုးတက်မလာပဲ တန့်နေပြီး လုပ်ငန်းခွင် အခြေအနေတွေ၊ အလုပ်အာမခံချက်တွေက ပိုပိုပြီး မရေရာမသေချာမှုတွေနဲ့ပဲ ကြုံတွေ့နေရတာပါ။ ဒီနေ့ Guardian  သတင်းတွေအရ မိမိကိုယ်ကို သတ်သေမှုဟာ လူလတ်ပိုင်း အမျိုးသားတွေကြား ပိုတိုးလာတာ တွေ့ရပြီး Calm, the Campaign Against Living Miserably ရဲ့ အမှုဆောင်အရာရှိချုပ် Jane Powell က ဒီတိုးလာမှုတွေထဲက တစ်ချို့က အလုပ်လက်မဲ့ဖြစ်မှု၊ အလုပ်မသေချာမရေရာမှုတွေနဲ့ ဆက်စပ်နေကြောင်း ဆိုပါတယ်။ ပူပင်သောကများစရာ အကြောင်းအရင်းတွေ တိုးလာတာကို ကြည့်ပြီး ဒီလူဦးရေရဲ့  ကြီးမားတဲ့ အချိုးအစားတစ်ခုက သူတို့ကိုယ်သူတို့ နှစ်ရှည်လများ စိတ်ဒုက္ခရောက်နေတယ်လို့ သတ်မှတ်ကြတာဟာ ထူးဆန်းထွေလာတော့ မဟုတ်ဘူး။ ဒါပေမဲ့ စိတ်ကျရောဂါကို ဆေးဘက်ဆိုင်ရာကိစ္စလို့ပဲ သတ်မှတ်လိုက်တာက ပြဿနာရဲ့ တစိတ်တဒေသ ဖြစ်နေတယ်။

ပညာရေးစနစ်နဲ့ တခြား အများပြည်သူဝန်ဆောင်မှု လုပ်ငန်းတွေလိုပဲ NHS ဟာလည်း သွေးစည်းညီညွတ်မှုနဲ့ လုံခြုံစိတ်ချရမှုကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးထားတာကြောင့် ဖြစ်လာတဲ့ လူမှုနဲ့ စိတ်ပိုင်းဆိုင်ရာ အနာတရတွေကို ဖြေရှင်းဖို့ အဓမ္မ စေခိုင်းခံနေရတာပါပဲ။ အရင်ကဆို အလုပ်သမားတွေက စိတ်ဖိစီးမှုတွေ များလာတိုင်း အလုပ်သမားသမဂ္ဂတွေဆီ သွားကြပေမယ့် ခုဆို သူတို့ကို အထွေထွေရောဂါကု ဆရာဝန်တွေဆီ ဒါမှမဟုတ် ကံများကောင်းမယ်ဆိုရင် NHS က ရလာမယ့ စိတ်အထူးကုတစ်ယောက်ယောက်ဆီ သွားဖို့ပဲ တွန်းအားပေးကြတယ်။

စိတ်ကျရောဂါတွေ ဖြစ်ရတဲ့ အကြောင်းအရင်းဟာ စီးပွားရေးကြောင့် ဒါမှမဟုတ် နိုင်ငံရေးကြောင့်လို့ချည်း ပြောတာဟာ အပေါ်ယံဆန်ဆန် ကောက်ချက်ချတာမျိုး ဖြစ်နေမှာဖြစ်ပေမယ့် ခုလက်ရှိကြီးစိုးနေတဲ့ ချဉ်းကပ်မှုတွေလိုမျိုး စိတ်ကျရောဂါရဲ့ အရင်းအမြစ်က တစ်ဦးချင်းရဲ့ ဦးနှောက်ဓာတ်ဖွဲ့စည်းပုံတွေ ဒါမှမဟုတ် ငယ်ဘဝအတွေ့အကြုံတွေကပဲ အမြဲလာတယ်ဆိုတဲ့ အမြင်မျိုးကို ဆက်လက်ထိန်းသိမ်းနေတာလည်း ခက်ခဲရှုပ်ထွေးတဲ့ ကိစ္စရပ်တွေကို လျစ်လျှူရှူထားတဲ့ အပေါ်ယံလက်ခံမှု သက်သက်ပါပဲ။ စိတ်ရောဂါကု ဆရာဝန်အများစုက စိတ်ကျရောဂါလိုမျိုး စိတ်ဝေဒနာတွေဆိုတာ ဦးနှောက်ရဲ့ ဓာတ်မမျှမှုတွေကြောင့် ဖြစ်ပြီး ဆေးဝါးတွေနဲ့ ကုသနိုင်တယ်လို့ ယူဆကြတယ်။ ဒါပေမဲ့ စိတ်ရောဂါကုထုံး အများစုက စိတ်ဝေဒနာဖြစ်ရတဲ့ လူမှုအကြောင်းအရင်းတွေကို ထည့်သွင်းမစဉ်းစားထားကြပါဘူး။

အမြစ်မြေလှန်ပြောင်းလိုစိတ်ရှိတဲ့ (ရာဒီကယ်) စိတ်အထူးကုပညာရှင် David Smail က လူမှုအဖွဲ့အစည်းဆိုတာ မရှိပဲ လူတစ်ဦးချင်းနဲ့ သူတို့မိသားစုတွေပဲ ရှိတယ်ဆိုတဲ့ Margaret Thatcher ရဲ့ အမြင်က “စိတ်ရောဂါကုထုံးတွေရဲ့ ချဉ်းကပ်ပုံ အားလုံးနီးပါးမှာ ပါနေတဲ့ အသိအမှတ်ပြုမခံရတဲ့ ပဲ့တင်သံပဲ” လို့ ဆိုတယ်။ သိစိတ်ရှိ အပြုအမူဆိုင်ရာ ကုထုံးစတဲ့ စိတ်ကုထုံးတွေက ငယ်ဘဝကို လူတစ်ဦးချင်းက ကိုယ့်ကံကြမ္မာရဲ့ အရှင်သခင် ဖြစ်နိုင်တယ်ဆိုတဲ့ ကိုယ်ထူကိုယ်ထ အယူဝါဒနဲ့ ပေါင်းပြီး အဓိကထား  အာရုံစိုက်ချဉ်းကပ်တာပါပဲ။ “နောက်ဆုံးမှာတော့ မင်းကိုယ်တိုင်က တာဝန်ရှိနေတဲ့ ကမ္ဘာကြီးကို မင်းရဲ့ စိတ်အထူးကုပညာရှင် ဒါမှမဟုတ် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကျွမ်းကျင်တဲ့ အကူအညီတွေနဲ့  မင်းကိုယ်တိုင်ပဲ ပြောင်းလဲနိုင်ပြီး မင်းဘယ်တော့မှ ဆင်းရဲဒုက္ခရောက်နေတော့မှာ မဟုတ်ဘူး” ဆိုတဲ့ အမြင်မျိုးကို Smail က မှော်ဆန်တဲ့ ကိုယ်ထူကိုယ်ထဝါဒ “magical voluntarism” လို့ ခေါ်တာဖြစ်တယ်။

စိတ်ကျရောဂါဆိုတာ magical voluntarism နဲ့ အကန့်အသတ်ရှိနေတဲ့ အခွင့်အလမ်းတွေ တိုးတိုက်မိတဲ့အခါ ပေါ်ပေါက်လာတဲ့ စွန့်ဦးတီထွင်ယဉ်ကျေးမှုရဲ့ အမှောင်ဘက်ခြမ်းပဲ ဖြစ်တယ်။ စိတ်ပညာရှင် Oliver James က သူ့စာအုပ် The Selfish Capitalist ထဲမှာ ထည့်ရေးထားတဲ့အတိုင်း “စိတ်ကူးယဉ် စွန့်ဦးတီထွင် လူမှုအဖွဲ့အစည်းမှာ ဓနကြွယ်ဝတဲ့သူတွေကို အောင်နိုင်သူတွေလို့ သတ်မှတ်ကြပြီး ဘယ်လို မိသားစု၊ လူမျိုးစု၊ လူမှုနောက်ခံကပဲလာလာ ထိပ်ဆုံးကို ရောက်နိုင်မယ့် အခွင့်အလမ်းဆိုတာ ကြိုးစားချင်သူတွေအတွက် လမ်းပွင့်နေမှာဖြစ်ပြီး မင်းမအောင်မြင်ရင်တော့ အပြစ်တင်စရာလူ တစ်ဦးပဲရှိတယ်” လို့ ကျနော်တို့ သင်ကြားခံရတာပဲ ဖြစ်တယ်။ အခုတော့ အပြစ်ကို တခြားတစ်နေရာရာ ပြောင်းတင်ဖို့ အချိန်တန်နေတာ ကြာလှပါပြီ။ ကျနော်တို့အနေနဲ့ စိတ်ဖိစိးမှုကို တစ်သီးပုဂ္ဂလကိစ္စအဖြစ် သဘောထားတာကို ပြောင်းပြန်လှန်ပစ်ပြီး စိတ်ကျန်းမာရေးဆိုတာကို နိုင်ငံရေးပြဿနာအဖြစ် ရှုမြင်ဖို့ လိုအပ်နေပါပြီ။

Translated by PN

= a tribute to k-punk =

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်