အိမ်အပြန် နောက်ဆုံးရထားများအတွက် အချစ်ကဗျာတစ်ပုဒ်

မြောက်အရပ်ကနေ ဒီမြစ်ကြီးတည့်တည့် မျှောချလိုက်ရင်
ဒီဇင်ဘာဆီ ကိုယ် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်မှာပေါ့
မုန်တိုင်းအထပ်ထပ် ဒီတိုင်းပြည်ထဲ ထပ်ကျော့လည်ပတ်နေမှုကို
ဆန်တက်ပြီး နှင်းဆီခင်းတွေဆီ ရောက်အောင် ကိုယ်သွားတယ်
နှင်းအထပ်ထပ် အမှောင်ထုကြားထဲမှာ ကိုယ့်ကို ထိန်းချုပ်မရ
ဟိုးရှေ့က လင်းလက်နေတဲ့ နှင်းဆီနက်တွေကို ကိုယ်ရှာတယ်
တစ်ဆောင်းတွင်းလုံး မခံနိုင်အောင်ကို အေးခဲနေတဲ့လက်တွေ
အရည်မပျော်ခင်မှာပဲ နောက်ဆုံးရထားဟာ နှင်းမှုန်တလက်လက်
အိမ်ကို ပြန်မရောက်ခင်တုန်းက ပင်လယ်စင်ရော်ကို ကိုယ်မြင်ဖူးတယ်
သူ့အတောင်ပံဟာ ကိုယ်တို့ဘဝတွေရဲ့  အဆုံးမဲ့ contrail ပဲ
မင်းရှိရာ တိမ်တွေဆီ ပင်လယ်ကိုချုံ့ပြီး ကိုယ်ပျက်ကျလာခဲ့မယ်
နေ့တိုင်း ဒီအချိန်ဆို ကမ္ဘာအဆုံးထိ ပလတ်စတစ် ရေပန်းကရား
အစိမ်းထဲကနေ ကိုယ်တို့ အသံကုန်ခြစ် အားကုန်အော်တယ်
မင်းရဲ့ မြက်ခင်းပြင်ဟာ သံမဏိချိန်းကြိုးတွေ အထပ်ထပ်
ကိုယ်တို့ နေ့စဉ်ဘဝရဲ့ လမ်းမတွေကို လောင်နေတာ မီးတောက်တွေ
မဟုတ်ပဲ ဒုက္ခများတဲ့ ကာလတရားပဲ ဖြစ်မှန်း အချိန်တန် သိခဲ့ရ
နားကြပ်ကို အသံကုန်မြှင့်ထားလည်း နည်းနည်းတောင် မလျော့သွားတဲ့
နှင်းတွေ ၊ နှင်းဆီတွေ ၊ အိမ်အပြန် နောက်ဆုံးရထားရဲ့ ဥဩသံရှည်တွေ

ဝေဒနာဟာ တိုးတိတ်လွန်းတော့
လက်နက်ချချင်စိတ်ပေါင်း တစ်သန်းနဲ့
ခက်တော့တာပါပဲ အချစ်ရယ်
ရထားကို မမီလည်း ဘာအရေးလဲ
တံတားအောက်မှာ ရေတွေအပြည့်ပါပဲလေ


ပိုင်ဉာဏ်

16th December, 2021

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ပန်းပွင့်တွေရဲ့ဝေါ့လ်ဇ် (waltz of the flowers)

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ