စက္ကူမြို့ရဲ့ အနီရောင်နှင်းဆီပန်းတွေအတွက် အချစ်ကဗျာတစ်ပုဒ်
နေရောင်အောက်က မြားတွေ စက္ကူမြို့ဆီရောက်ဖို့ လိုအပ်မယ့် ခရီးအကွာအဝေး အတိုင်းအဆကို ကိုယ်မခန့်မှန်းတတ်ဘူး အချိန်ကာလရဲ့ တဖြောင့်တည်း စီးဆင်းနိုင်စွမ်းနဲ့ တစ်ချိန်တည်းမှာ အဆက်မပြတ် လည်ပတ်နိုင်စွမ်းကို ကိုယ်နားမလည်ဘူး ကိုယ်တို့ကြားထဲမှာ မြင့်မားမတ်စောက်နေခဲ့တဲ့ တောင်တန်းတွေရဲ့ အမည်နာမနဲ့ ဘာသာဗေဒကိုလည်း ကိုယ်မသိခဲ့ဘူး ကိုယ်သိတာက ကိုယ်ပေးပို့လိုက်ပေမယ့် မင်းဆီမရောက်ခဲ့တဲ့ နှင်းဆီအနီတွေဟာ နှင်းမှုန်အဖြူတွေအဖြစ်နဲ့ ကိုယ်တို့မြို့ရဲ့ အပူပြင်းဆုံး နွေရာသီဆီကိုမှ ဆိုက်ဆိုက်မြိက်မြိုက် ပြန်လည်ကျဆင်းလာတာ ကိုယ်သဘောပေါက်လာတာက မင်းကြုံတွေ့ခဲ့ရသမျှ အဖြစ်သနစ်တွေဟာ ကိုယ့်ခြေထောက်တွေကို ဆွဲစုပ်ယူထားတဲ့ အမြစ်နက်နက်တွေ ဖြစ်နေတာ ကိုယ်မျှော်လင့်မထားဆုံး အချိန်မှာမှ ဟော့ဘ်စ်ရဲ့ တောကြီးမျက်မည်းတွေဆီကနေ မင်းပြန်လာတာ ပြန်လာနိုင်ခဲ့တာ ပြီးတော့ ကိုယ့်ကို ဝုန်းဆို ပြေးဖက်ခဲ့တာ မင်းလက်သွယ်လျတွေနဲ့ ကိုယ့်ဆံပင်တွေကို ကိုင်တွယ်ခဲ့တာ ကိုယ် ဇင်ဆရာတော်တစ်ပါးလို အလေးအနက် ...