တစ်ဘဝလုံး အိမ်ကိုရှာမတွေ့ခဲ့တဲ့သူ
ပင်လယ်ပြင်မှာ နိုင်ငံတစ်ခု ပျောက်ဆုံးခြင်း ဆိုပြီး အိပ်မက်တစ်ခုတည်းကိုပဲ ထပ်ခါတလဲလဲ မက်နေတယ်။ အိပ်မက်ကလည်း အဖြစ်အပျက်တွေ ဇာတ်ဆောင်တွေထက် ပင်လယ်ပြင်မှာ နိုင်ငံတစ်ခု ပျောက်ဆုံးခြင်း ဆိုတဲ့ ခေါင်းစဉ်ကိုပဲ မက်နေတာမျိုး။ အိပ်မက်ကို ခေါင်းစဉ်တပ်ပြီး မက်ရိုးရှိမရှိ ဘယ်တုန်းကမှ မသေချာပေမယ့် ဒီအိပ်မက်က ခေါင်းစဉ်ကလွဲလို့ နောက်ခံတီးလုံး၊ အလင်းအမှောင်၊ ဇာတ်လမ်းဇာတ်ကွက် ဘာဆိုဘာမှမပါတဲ့ အိပ်မက်ဖြစ်နေတယ်။ အမည်မသိ ဆေးရုံတစ်ခုရဲ့ အေးစိမ့်နေတဲ့ စောင့်ဆိုင်းခန်းမှာ အချိန်အတော်ကြာ ထိုင်နေရင်း မျက်နှာကြက်က မီးလုံးအဖြူတွေရဲ့ ဘဝအဓိပ္ပာယ်ဆိုတာကို ငါစဉ်းစားတယ်။ သူတို့ရဲ့ ဘဝအဓိပ္ပာယ်ကို သူတို့ကိုယ်တိုင် ဖွင့်ဆိုထားတာ ရှိမရှိ မသေချာပဲ ငါက စဉ်းစားနေတာမျိုးက အဓိပ္ပာယ်ရှိပါ့မလားလို့လည်း ငါတွေးမိတယ်။ အလင်းဖြူဖြူတွေ လွှမ်းခြုံမိုးထားတဲ့ မျက်နှာကြက်ဖြူဖြူ၊ သူတို့ကနေတဆင့် ပြန်ကန်ထွက်လာတဲ့ ကြမ်းပြင်ဖြူဖြူနဲ့ နံရံဖြူဖြူတွေက ဘာကြောင့်မှန်း မသိရပါပဲနဲ့ ငါ့ကို ထိခိုက်နာကျင်စေတယ်။ လေထုထဲက အအေးဓာတ်ကို လွတ်မြောက်နယ်မြေတစ်ခုလို ငါ ကိုယ်ဗလာနဲ့ ဖက်တွယ်ထားမိ။ တစ်စုံတစ်ယောက်ဟာ ငါတို့ဆီ မသေမပျောက် ပြန်ရောက်လာမှာပဲ လို့ ယူဆပြီး လက်ထဲ...