တစ်ဘဝလုံး အိမ်ကိုရှာမတွေ့ခဲ့တဲ့သူ


ပင်လယ်ပြင်မှာ နိုင်ငံတစ်ခု ပျောက်ဆုံးခြင်း ဆိုပြီး အိပ်မက်တစ်ခုတည်းကိုပဲ ထပ်ခါတလဲလဲ မက်နေတယ်။ အိပ်မက်ကလည်း အဖြစ်အပျက်တွေ ဇာတ်ဆောင်တွေထက် ပင်လယ်ပြင်မှာ နိုင်ငံတစ်ခု ပျောက်ဆုံးခြင်း ဆိုတဲ့ ခေါင်းစဉ်ကိုပဲ မက်နေတာမျိုး။ အိပ်မက်ကို ခေါင်းစဉ်တပ်ပြီး မက်ရိုးရှိမရှိ ဘယ်တုန်းကမှ မသေချာပေမယ့် ဒီအိပ်မက်က ခေါင်းစဉ်ကလွဲလို့ နောက်ခံတီးလုံး၊ အလင်းအမှောင်၊ ဇာတ်လမ်းဇာတ်ကွက် ဘာဆိုဘာမှမပါတဲ့ အိပ်မက်ဖြစ်နေတယ်။

အမည်မသိ ဆေးရုံတစ်ခုရဲ့ အေးစိမ့်နေတဲ့ စောင့်ဆိုင်းခန်းမှာ အချိန်အတော်ကြာ ထိုင်နေရင်း မျက်နှာကြက်က မီးလုံးအဖြူတွေရဲ့ ဘဝအဓိပ္ပာယ်ဆိုတာကို ငါစဉ်းစားတယ်။ သူတို့ရဲ့ ဘဝအဓိပ္ပာယ်ကို သူတို့ကိုယ်တိုင် ဖွင့်ဆိုထားတာ ရှိမရှိ မသေချာပဲ ငါက စဉ်းစားနေတာမျိုးက အဓိပ္ပာယ်ရှိပါ့မလားလို့လည်း ငါတွေးမိတယ်။ အလင်းဖြူဖြူတွေ လွှမ်းခြုံမိုးထားတဲ့ မျက်နှာကြက်ဖြူဖြူ၊ သူတို့ကနေတဆင့် ပြန်ကန်ထွက်လာတဲ့ ကြမ်းပြင်ဖြူဖြူနဲ့ နံရံဖြူဖြူတွေက ဘာကြောင့်မှန်း မသိရပါပဲနဲ့ ငါ့ကို ထိခိုက်နာကျင်စေတယ်။ လေထုထဲက အအေးဓာတ်ကို လွတ်မြောက်နယ်မြေတစ်ခုလို ငါ ကိုယ်ဗလာနဲ့ ဖက်တွယ်ထားမိ။

တစ်စုံတစ်ယောက်ဟာ ငါတို့ဆီ မသေမပျောက် ပြန်ရောက်လာမှာပဲ လို့ ယူဆပြီး လက်ထဲက အရက်ခွက်တွေကို လေထဲကိုင်မြှောက်ထားကြပြီးတော့မှ တစ်စုံတစ်ယောက် အိမ်ပြန်မရောက်နိုင်တော့မှန်း သေချာသွားတဲ့အခါ ခွက်ထဲက အရက်ကို ကြမ်းပေါ်တစ်ဝက်သွန်ပြီး ကျန်တစ်ဝက်ကို အကုန်မော့ချလိုက်ကြတယ်။ အစွန်ဆုံးအခန်းက လျှပ်စစ်ဂီတာသံစူးစူးဟာ လရောင်အောက်မှာ တပ်မက်စရာကောင်းလောက်အောင် တုန်ခါနေတယ်။ ဒီလိုနေ့မျိုးတွေမှာ လက်တစ်ဖက်က ခြေအိတ်တစ်ဖက်ကိုင်ပြီး စင်္ကြန်တစ်လျှောက် သွားနေတဲ့ ဝိညာဉ်။ 


     ပိုင်ဉာဏ်
     24th October, 2020

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်