လူလုပ်မှတ်ဉာဏ် - ၆

တစ်ခုခုကို လှုပ်ခတ်ရတော့မယ်ဆို ငွေရောင်လက်လာတာ
ဆိတ်ငြိမ်မှုတွေ တနံတလျား ကိုယ့်ဆီ တိုးဝင်လာနေတယ်
လက်ရေးဝိုင်းလေးအတွက် အာမေဋိတ်တွေ မရေရွတ်ဖြစ်တော့ဘူး
ကိုယ့်မှာတော့ -
သတိတရစိတ်ကို ပိတ်သိမ်းထားလိုက်တော့မလို့
ဒါမှမဟုတ် လေထုထဲ သွန်ချမိလိုက်တော့မလို့
ကိုယ်ထင်ထားတာတွေ လွဲချော်ခဲ့တယ်ပဲ ဆိုကြပါစို့
အဲဒီလက်ရေးဝိုင်းလေးတွေမြင်မိတိုင်း
ကိုယ့်လက်ဖမိုးကိုပဲ ပန်းရောင်လေဟာနယ်တွေ တစ်ခါပြန်စိုက်ဝင်နေ
ပြန်သတိထားမိရတယ်
ကိုယ် အရင်အခိုက်အတန့်တွေလိုပဲ ခံစားရတယ်
ရှူးဖိနပ် နက်တိုင် ကုတ်အင်္ကျီနဲ့ဆို ရင့်ကျက်ပြီထင်မိခဲ့တာ
အသက်အရွယ်ဟာ ကိန်းဂဏန်းတစ်ချို့တစ်လေပဲ ဖြစ်မှန်း
ကိုယ့်ကို မတားပါနဲ့ ။ ကိုယ့်မှာတော့ သတိတရစိတ်ကို
မီးကျည်တွေ လေထုထဲ ပစ်တင်လိုက်ကြပြီ
ကိုယ့်မှာ အိန်ဂျယ်ဆန်တဲ့ နမိတ်ပုံတွေ မရှိတော့ဘူး
နာမ်သိစိတ်ကို ကိုယ်သိတယ် ။ ကိုယ်ဘာလဲ ပြန်မသိဘူး
ဆိပ်ခံတံတားပေါ် အတောင်ပံဖြန့်ဝဲနေ / စင်ရော်တွေအများကြီး ကြည့်ဖြစ်တဲ့နေ့
ကိုယ်တစ်ယောက်တည်းရဲ့ မှတ်ဉာဏ်ဆီ
အချိန်ကာလတွေ တိုးဝင်လာနေတယ် ။ နေရာဒေသတွေ ပြေးထွက်သွားနေတယ်
ပြန်သတိထားမိရတယ်
အစိတ်အပိုင်းတစ်ခုဟာ အစိတ်အပိုင်းတစ်ခုစာပဲ နာသင့်တာပေါ့ကွယ်
ကိုယ့်နာ့ဗ်ကြောတစ်လျှောက် text တစ်စောင် တိုက်ရိုက်စီးဆင်း
ပစ်ချပစ်မှာပါ / လွတ်ကျသွားမှာပါ
ပစ်ကွင်းလွဲတဲ့ မြားတစ်စင်းလို ။ တိုက်တဲ့လေထဲမှာ လေတဲ့စိတ်တွေ
amnesia ရချင်နေတယ်
ချစ်ခြင်းတရားဟာ အစိတ်အပိုင်းတစ်ခုဆို
အစိတ်အပိုင်းတစ်ခုစာပဲ နာသင့်တာပေါ့ တကယ်တမ်းဆို
စိတ်တစ်ခုစီကို တစ်စစီ ပြန်ကောက်ဆက်နေရ ။ အရင်အခိုက်အတန့်တွေလို
ရှင်ကျန်ဖို့ စေ့ဆော်မှုတွေ မရှိတော့တဲ့အခါ
ပြတင်းပေါက်ဘောင်လေးထဲ harakiri လုပ်လိုက်တယ်
DNA စစ်ထဲ တိုးမဝင်ရခင် အပိုင်းအခြားအထိ
သတိတရစိတ်က ဖွားခနဲ ဖွားခနဲ လွင့်ကန်သွား

        ပိုင်ဉာဏ်
        30th April, 2013

Comments

Popular posts from this blog

စက္ကူမြို့ရဲ့ အနီရောင်နှင်းဆီပန်းတွေအတွက် အချစ်ကဗျာတစ်ပုဒ်

letter on dunes

ပန်းပွင့်တွေရဲ့ဝေါ့လ်ဇ် (waltz of the flowers)