လူလုပ်မှတ်ဉာဏ် - ၉

 

အကွာအဝေး(၁)

    ဒီဇင်ဘာဆီ နောက်ပြန်ရောက်သွားရပါဦးမည်။ ဒီဇင်ဘာသည် သံသရာအဆက်ဆက်အတိတ်တစ်ခုဖြစ်သလို သက်တန့်ရောင်မှတ်ဉာဏ်တစ်ခုလည်းဖြစ်သည်။ အရှေ့တိမ်တွေအရွေ့အတိုင်းသွားနေရာမှာ လည်ပတ်မှုကအနောက်ဆီသို့ ဦးတည်နေသော အခိုက်အတန့်။ ကြယ်တံခွန်လို အထိုက်အလျောက်စီးဆင်းခဲ့ဖူးသည်။ ဒီဇင်ဘာအရောက်တွင်တော့ တင်းထားသမျှခွန်အားများ ကျိန်စာပြယ်သလို ပျက်ပြယ်ခဲ့ရသည်။ မျက်ဝန်းများနောက်မှအလင်းကို တမက်တမော ရှာဖွေခဲ့မိသည်။ ဒီဇင်ဘာကိုယ်တိုင်သိပါသည်။ အလင်းကိုတွေ့သည်။ မျက်ဝန်းတွေကတော့ သံသရာတလျှောက် ပုန်းခိုထွက်ပြေးသွားဟန်တူသည်။ အဝေးဆီမှ Andromeda ကြယ်စင်စုကို အစားထိုးသတိတရစိတ်ဖြင့် ငေးကြည့်နေမိဆဲမှာပင် အလင်းနှစ်သန်းပေါင်းများစွာအကွာအဝေးသို့ ရောက်လွင့်သွားခဲ့ရသည်။ သို့နှင့်ပင် အလင်းလိုနှင်းသည်းများကြားမှ ခရီးရှည်ချီကာ ဒီဇင်ဘာဆီနောက်ပြန်ရောက်သွားရပါဦးမည်။

အကွာအဝေး(၂)


“အိန်ဂျယ်က ငါ့ကိုမှတ်မိသွားတယ်
နှုတ်ခမ်းဝိုင်းလေး ဟသွားတယ်
မျက်နက်ဝန်းလေး လွှဲသွားတယ်
ကိုယ်ပိုင်ယဉ်ကျေးမှုတွေ ဆွံ့အကျသွားသလို”


    ကံကြမ္မာဆိုတဲ့ဟာက ဓါတ်ငွေ့ကာမျက်နှာဖုံးတပ်ပြီးလည်း ရောက်ချလာတတ်တယ်။ ငါတို့ထိုင်နေတဲ့ကမ်းစပ်ဆီ မီးခိုးရောင်မီးခိုးဗုံးတွေ တစ်လုံးပြီးတစ်လုံး ပစ်သွင်းရင်းနဲ့ပေါ့။ နေ့တစ်နေ့တည်းမှာ လမ်းတစ်လမ်းတည်းမှာ တစ်ယောက်တစ်ခြမ်းဆီ ရှိနေခဲ့ရတယ်။ ငါနဲ့ ငါ့သံသရာမီးတောက်လေးနဲ့ မျက်နှာချင်းဆိုင်ဝေးသွားတယ်။ ကြည့်ငေးနေခဲ့မိတာ မီးခိုးအဆုံး မိုးအဆုံး။ တကယ့်အစစ်အမှန်လက်တွေ့နဲ့ ကွဲပြားခြားနားတယ်ဆိုပေမယ့် မီးခိုးရောင်တိမ်တွေကို မင်းမြင်လား။ ငါ့နာမ်သိစိတ်နဲ့ ကိုက်ညီတဲ့ကြိမ်နှုန်း။ နေလုံးက တောင်တန်းတွေနောက်ကိုဝင်သွားပြီး နှင်းမြားတွေ တဖွဲဖွဲကျလာနေကြ။ ဘာမှမဖြစ်စလောက်ဆိုပေမယ့် မှတ်ဉာဏ်အပိုင်းအစတွေက ရှိသင့်တာထက် ပိုမိုနာကျင်စေတယ်။ ဒီဇင်ဘာဆိုတာနဲ့ပဲ နာမ်သိစိတ်တစ်ခုလုံး အစိတ်စိတ်အပိုင်းပိုင်းပြိုကျရတယ်။ ငါ့ကိုယ်ငါသိနေရတယ်။ လူသားတစ်ယောက်ရဲ့ အပေါ်လွှာမျက်နှာပြင်အောက်က နာကျင်မှုထုထည်အတိုင်းအဆကို ဘယ်သူသိနိုင်မှာလဲ။

“ကိုယ်တစ်ယောက်တည်းရဲ့မှတ်ဉာဏ်ဆီ
အချိန်ကာလတွေ တိုးဝင်လာနေတယ် ။ နေရာဒေသတွေ ပြေးထွက်သွားနေတယ်
ပြန်သတိထားမိရတယ်”



“ကိုယ့်မှာတော့ မှတ်ဉာဏ်တွေကို ခေါက်သိမ်းထားလိုက်မိတော့မလို့
ဒါမှမဟုတ် လေထုထဲ ပစ်လွှတ်မိလိုက်တော့မလို့”



အကွာအဝေး(၃)
 
    အခန်းထဲကို ဝေ့ကြည့်လိုက်တယ်။ ပင့်ကူမျှင်တစ်စတွေ့တယ်။ စာသားတွေချရေးထားတဲ့ စာရွက်အလွတ်တွေတွေ့တယ်။ တစ်ပုလင်းကထောင်ပြီး တစ်ပုလင်းကလဲရက်သားဖြစ်နေတဲ့ Heineken အလွတ်နှစ်လုံးတွေ့တယ်။ အိပ်ဆေးပုလင်းတွေ့တယ်။ ပြာမရှိတဲ့ ဆေးလိပ်ပြာခွက်တွေ့တယ်။ ဂျစ်ဆောချပ်ရှစ်ချပ်တွေ့တယ်။ ပြန့်ကျဲနေတဲ့ မှုတ်ဆေးဘူးတွေတွေ့တယ်။ ၁ ကြိုးပြတ်နေတဲ့ ဂစ်တာတစ်လက်ကို ကြမ်းခင်းပေါ်မှာအလျားလိုက် တွေ့တယ်။ လက်ပ်တော့တစ်လုံးကို ပါဝါဖွင့်လျက်သား တွေ့တယ်။ ခေါက်လှေကားအသေးတစ်ခုကို ထောင်ထားတယ်။ အောက်ခံအနက်သုတ်ထားတဲ့ နံရံပေါ်က ရက်စွဲတွေမှာ ကိုယ့်ကိုယ်ကိုယ်ပြန်တွေ့တယ်။
    လက်ထဲကိုင်ထားတဲ့ တယ်လီဖုန်းခွက်ထဲမှာ အသံတစ်သံက အစွမ်းကုန်အော်ဟစ်နေတယ်။ ကြမ်းပြင်ပေါ် ပြားပြားမှောက်ဝပ်ချလိုက်တယ်။ ရုပ်သံချန်နယ်မှာ ရုပ်ပုံတွေမပေါ်တော့ဘဲ အစင်းကြောင်းတွေ အစက်အပြောက်တွေ တရှဲရှဲမြည်သံတွေပဲ ကျန်ခဲ့တယ်။ ခြေထောက်နှစ်ဖက်က ချက်ချင်းကြီးအေးစက်သွားတယ်။ မျက်လုံးတွေကိုမှိတ်ထားလိုက်တယ်။ နားကြပ်ထဲမှာ MCR ရဲ့ The Light Behind Your Eyes သီချင်းသံ လွင့်လာတယ်။ စိတ်တွေနဲ့ဖမ်းပြီး နားထောင်လိုက်တယ်။ အိမ်ထဲမှာပဲ ငါအိမ်မပြန်ချင်ဘူး။ ဘယ်ဘက်လက်မအောက်မှာ တဆတ်ဆတ်ခုန်နေတဲ့သွေးကြောကို အတိုင်းသားကြားနေရတယ်။ ဒီဇင်ဘာနဲ့ဘယ်လောက်ဝေးသွားပြီဆိုတာ သံသရာတစ်လျှောက် ရိပ်ခနဲ ရိပ်ခနဲကျန်ခဲ့တဲ့ သစ်ပင်ရိပ်တွေကိုကြည့်မိရင်း၊ ဗလာစာအုပ်ထဲက လက်ရေးဝိုင်းလေးတွေ ပြန်လှန်ကြည့်မိရင်းမှ သိသာလာရတယ်။ သိစိတ်နဲ့ပေါင်းလိုက်တော့ သတိရခြင်းက ငါ့ကို ပိုပြီးလောင်တယ်။


    ပိုင်ဉာဏ်
    2nd December, 2013

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်