မြို့သားတွေရဲ့ သေနတ်ပစ်ခန်း

မြို့ဟာ အသံတိတ်ရုပ်ရှင်ကားလို ကိုယ်ဟန်အနေအထားမျိုးနဲ့ သူ့ကိုပွေ့ထားတယ်။
ဒါဟာ အရှိတရားပါ။ ဒါဟာ အမှန်တရားပါ။ ဘယ်လောက်များသေချာလိုက်သလဲ။
စားပွဲပေါ်မှာတင်ထားတဲ့ တယ်လီဖုန်းက အရူးအမူးမြည်နေတယ်။
ဖြိုဖျက်ပြီးမှ ပြန်လည်တည်ဆောက်မယ့်မြို့နဲ့ မပြီးနိုင်မစီးနိုင် လူထုအခြေပြမိန့်ခွန်း။
ငါ့ရဲ့မသိစိတ်ထဲမှာ တွေ့ရမယ့် အတိမ်မြုပ်ခံလိုအင်တွေရဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်း။
အရာအားလုံးငြိမ်သက်သွားတဲ့အချိန်မှာ ငါ့ဖြစ်တည်မှုက ဘယ်လောက်သေချာလိုက်သလဲ။
ဇာတ်လမ်းထဲမှာ သေနတ်တစ်လက်ကို မြင်တယ်။ တစ်ချိန်ချိန်တော့ ပစ်ကိုပစ်ရမှာ။
ဒီလိုမျိုး မြို့က ငါ့ငြီးငွေ့မှုထုထည်ကြီးကို ထမ်းထားရတာပဲ။
ပိတ်ပြီးပြန်ဖွင့်တော့ ငါ့ကိုယ်ငါ အုတ်တွေတပိုင်းတစပြိုကျနေတဲ့ ဝတ်ကျောင်းတော်အလယ်မှာ တွေ့တယ်။
လိဒ်ဂစ်တာတစ်လက်ကို အရူးအမူးတီးခတ်နေတယ်။
ခေါင်းစွပ်ဝတ်ရုံအနက်တွေနဲ့ နတ်ဘုရားတွေရဲ့တယောသံက နောက်ခံဂီတ။
ငါဖတ်လက်စ စာအုပ်ထဲက စာသားတစ်ချို့ပျောက်သွားပြီး လိပ်ပြာတစ်ကောင်ဝင်ရောက်လာတယ်။
မှတ်ဉာဏ်တွေက သိပ်ကိုနာကျင်ရတယ်။
တစ်ခါတစ်ခါ စဉ်းစားမိတာ ငါဘယ်တော့မှပြန်မရောက်နိုင်မယ့်နေ့တွေဆီကို။
ငါတို့တွေ ဘာဖြစ်နေဖြစ်နေ မြို့ဟာ ဆက်သွားနေဖို့လိုပါတယ်။ ဘယ်တော့မှမဆုံးတဲ့ဇာတ်။
ပြီးမြောက်သွားတော့ ငါ့အတ္တခွံထဲမှာ လေယာဉ်ဆင်းသက်ခြင်းကို မျက်မြင်ထင်ရှား။
အရာအားလုံးတိတ်ဆိတ်သွားတဲ့အခါ တကယ့်ဘဝမှာ တကယ့်အရှိတရားတွေနဲ့။
မြို့ဟာ မီးကျည်တွေရဲ့ ချစ်ခြင်းမေတ္တာမျိုးနဲ့ သူ့ကိုပွေ့ထားတယ်။
ငါ မြို့ကိုလှမ်းမမြင်ရဘူး။ နောက်ပြီး သူ့ကိုငါမမြင်ရဘူး။



          ပိုင်ဉာဏ်
          19th March, 2014

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်