the light beyond / our shadows


လိပ်ပြာတွေ ။ နွေဦးရာသီ ။ တိုးတိုးပြောပေမယ့် အရိပ်တွေ အကျယ်ကြီးထွက်သွားတယ် ။
စိုက်ကျနေတဲ့မျက်တောင်ကော့တွေကြောင့်ပဲ ငါ့မှာစိုက်ဆင်း ။
မင်းရဲ့အထီးတည်းဖြစ်မှုကို မြင်နေရတဲ့အချိန်မှာ ငါ့အထီးကျန်ဆန်မှုကို ငါ မေ့ဖျောက်ထားမိတယ် ။
ဝမ်းနည်းနေသလိုမျက်နှာလေးက သိပ်လှတာပဲလို့ ငါဆိုရင် ။
တိမ်အုပ်တွေလောက် မနက်ရှိုင်းလိုက်နဲ့ ။
တံတားက ဖြောင့်တန်းနေဖို့ မဖြစ်မနေမလိုအပ်ခဲ့ဘူး ။
ပုံပျက်နေတဲ့လောကထဲ အဝေးကိုကြည့်ငေးနေတဲ့မျက်ဝန်းတွေက ငါ့ကို အဝေးကြီးလွင့်စင်သွားစေတယ် ။
ငါလည်း ညခင်းတွေ အိပ်မပျော်ပါဘူး ။
တစ်လျှောက်လုံးတင်းခံခဲ့သမျှစိတ်တွေ အဲဒီမျက်ဝန်းတွေဆီရောက်မှ ရေတံခွန်လိုလျှောကျ ။
ပစ်တင်လိုက်တဲ့မီးကျည်တွေဟာ နောင်နှစ်အချို့အထိ ပြန်ကျမလာကြတော့ဘူး ။
တစ်ခုတည်းသောတယောသံက ဆွေးဆွေးမြည့်မြည့် အီတယ် ။
တွန်းဖွင့်ဝင်သွားတဲ့တံခါးချပ်တွေနောက်မှာ နောက်ထပ်တံခါးချပ်တွေပဲတွေ့နေရတာ ။
စိုက်ချလိုက်တိုင်း တိမ်တွေက ။
ငါတို့သိတဲ့အရာတွေကို ငါတို့မသိတော့ဘူး ။
အခုမှစမြင်ဖူးမှန်း သိပ်ကိုသေချာနေတဲ့မြင်ကွင်းတစ်ခုကို အနှစ်နှစ်အလလက သိပ်ကိုရင်းနှီးနေခဲ့သလို ခံစားချက်မျိုး ။
တစ်ဘဝလုံးရူးမိတာတွေအတွက် ၊ နောက်ပြီး တစ်ဘဝလုံးမရူးမိတာတွေအတွက် ခုတစ်ထိုင်တည်း ရူးရတယ် ။
ငြီးငွေ့နေသလိုမျက်နှာလေးက သိပ်လှတာပဲလို့ ငါဆိုရင် ။
ငယ်ဘဝကလေတံခွန်ကို ငါသတိရတယ် ။
လေက ငါ့ဆီတိုက်လာရင် လက်နှစ်ဖက်ကို ဆန့်တန်းပေးပြီး လေမလာရင် ရစ်ဘီးကိုဘေးချထားခဲ့တယ် ။
လမ်းတစ်လျှောက် နီယွန်မီးတိုင်တွေကိုကြည့်ပြီး ငါတအားပျင်းရိနေခဲ့တာ ။
ချဲ့ထွင်ခံထားရတဲ့ဘောင်တွေ ။ မြို့က ငါ့ငြီးငွေ့မှုထုထည်ကို ထမ်းထားရတော့ ငါက မြို့ကို ကျေးဇူးတင်အားနာ ။
ဖွင့်မထားတဲ့ပြတင်းတွေကနေပဲ မင်းရဲ့အမှောင်ထုကို မြင်ဖြစ်အောင်မြင်လိုက်သေး ။
လမ်းတွေဝေးပေမယ့် ငါပိုနီးခဲ့ရ ။
အနှစ်နှစ်အလလ မြင်နေကျမှန်း သိပ်ကိုသေချာနေတဲ့မြင်ကွင်းတစ်ခုကို အခုမှ စမြင်ဖူးသလို ခံစားချက်မျိုး ။
ပြီးတော့ တအားဝေးသွားသလိုမျိုး ။
ငါအခုပဲ ကတိပေးတယ် ။
မင်းက လက်တွေကို ငါ့ဆီဆန့်တန်းထားမယ်ဆို ။
မနက်ဖြန်တွေကို မပြိုလဲအောင်ထိန်းထားရ ။
စကားတစ်ခွန်းမှမပြောပဲ ငါ့ကိုစိုက်ကြည့်ပါ ။ ခပ်ဖွဖွပြုံးပါ ။
အင်္ဂါနေ့တွေက အဆက်မပြတ်တုန်ခါစေတယ် ငါ့ကို ။
နေရာတိုင်းကအလင်းတွေထက် မင်းဆီကအလင်းကိုပဲ ငါပိုပြီးလိုတာ ။
ငါ့မှတ်ဉာဏ်တွေကို တစ်ပတ်ပြီးတစ်ပတ် လည်ပတ်နေတော့ ။
မြင်ကွင်းတိုင်းဟာ အဝါဖျော့ရောင် လိပ်ပြာတွေပဲ ။
ရှုခင်းတိုင်းဟာ မင်းအရမ်းကြိုက်တဲ့ တိမ်တိုက်တွေပဲ ။
မြက်ခင်းပြင်ဆီကအလင်းက လေထုထဲ တိုးဖျော့ပျော်ဝင်သွားသလိုမျိုး ။ ငါ့မှာ ကြည့်ငေးရင်း ဝမ်းနည်းရ ။
အခု သတိရစိတ်ထဲမှာ ပျံစရာအတောင်ပံတွေလိုချင်တဲ့ ချာတိတ်မလေးတစ်ယောက် ။
မင်းမျက်ဝန်းတွေက ငါ့ကိုကျော်ပြီး အဝေးကြီးကိုကြည့်တယ် ။
မင်းဆီကရတဲ့ စာသားတိုင်း စာလုံးတိုင်းဟာ ချစ်ခြင်းမေတ္တာတွင်းနက်ထဲ ပို…ပိုနစ်ဝင်သွားတဲ့ ငါ့အရိပ်ပဲ ။
ငါ့မှာ ငါ့ကိုယ်ငါ အံ့သြရတယ် ။
လေက ဒဏ်ရာတွေကို ပွတ်တိုက်သပ်သွားပေးတော့ ။
ငါ့စိတ်တွေ နွေးထွေးလာတယ် ။
ငါ့မှာ ငါ့ကိုယ်ငါ အံ့အားသင့်ရတယ် ။
တိုက်ခတ်နေတဲ့လေထဲကို တစ်စချင်းလွင့်ပါသွားသလို ခံစားမှုမျိုး ။
အနည်းဆုံးတော့ ငါတစ်ယောက်တည်း မဟုတ်ဘူး ။
လမ်းတွေဘယ်မှာရှိမှန်း မမြင်ရပေမယ့်လည်း ။
ငါတို့စီးထားတဲ့ဘဝမှာ ချည်ထားတဲ့ဖိနပ်ကြိုးအဖြူတွေက ။
မော့ကြည့်တော့ တိမ်တွေ လိမ္မော်ရောင်ပြောင်းသွားတယ် ။
ငါ ဘယ်တုန်းကမှ မရေးခဲ့တဲ့ နေ့စဉ်မှတ်တမ်းထဲက လိုင်းတွေ လွတ်ကျသွားတယ် ။
အနည်းဆုံးတော့ ညနေခင်းတွေမှာ နွေရာသီတိမ်တိုက်တွေကို အတူထိုင်ငေးရ ။
ပြီးတော့ ဘဝကို ငါတို့အတူတကွ ငြီးငွေ့အံ့သြရပေါ့ ။
ငါမပြောပြလည်း မင်းသိနေမှာ ။ ဖြန့်ကားထားတဲ့အတောင်ပံတွေရယ် ။
တဖျတ်ဖျတ်လွင့်နေတဲ့ စွန်တွေနဲ့ စာမျက်နှာတိုင်းက ငါတို့နားထောင်နေကျသီချင်းတွေ ။
ငါလည်းပဲ တစ်ခါတစ်ခါ အဲလိုခံစားနေရတယ် မင်းကပြောတော့ ။
အသံတွေပိတ်ထားလည်း ငါ ကြားနေရတယ် ။
အမျိုးအမည်မသိတဲ့ ဝမ်းနည်းမှုက ငါ့ကို လွှမ်းခြုံထားတယ် ။
လရောင်က ငါ့အခန်းထဲ ကျမလာတော့ဘူး ။
ဒီလိုမျိုး အဝေးကနေ့တွေဟာ တစ်နေ့ပြီးတစ်နေ့ ပျက်ကျသွားကြသတဲ့ ။


            ပိုင်ဉာဏ်
            3rd October, 2014

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်