အပြေးသွားနေတဲ့ သစ်တောအုပ်ထဲက တစ်စုံတစ်ရာထက်ပိုပြီး



(ဝ)
မနက် ၃ နာရီဆိုတဲ့အချိန်ဟာ အိပ်နေသူကို ဆွဲခါလှုပ်ရမ်းနှိုးလိုက်တယ်။ မနက် ၃ နာရီဆိုတဲ့အချိန်မှာ မအိပ်ရသေးသူဟာ လက်ထဲကဗလာစာအုပ်ကို လှည့်ပတ်ကစားနေတယ်။ ဒါဟာ တကယ်ပဲ မနက် ၃ နာရီလား။ အချိန်ကာလစီးကြောင်းက ရုတ်ချည်း ၃ နာရီကိုရောက်ရှိသွားတာလား။ တကယ့်အချိန်က ၁ နာရီဖြစ်နေပြီး ကြည့်ကြည့်သမျှနာရီတိုင်းက ၃ နာရီကို ပြသနေတာလား။ လေထုထဲက အေးစက်နေတဲ့အရှိတရားက သူတို့ကို ခြုံထည်တစ်ထည်လို လွှမ်းထားတယ်။ မှိန်ဖျော့ဖျော့ထွန်းထားတဲ့ ညအိပ်မီးလုံးရဲ့အလင်းရောင်အောက်မှာ နွေးထွေးတဲ့မျက်ဝန်းတွေက ငါ့ကိုကျော်ပြီး အဝေးကြီးကိုကြည့်တယ်။

(၁)
တံခါးကိုဖွင့်လိုက်တယ်ဆိုရင်ပဲ လေတွေတဟူးဟူးတိုးဝင်လာမယ်။ အေးခဲနေတဲ့စိတ်တွေ လွင့်ပါသွားမယ်။ လူ့အဖွဲ့အစည်းဟာ တစ်ခါတစ်ခါတော့ နေပျော်ပါတယ်လို့ ကိုယ့်ကိုယ်ကိုယ်ညာကောင်းညာမယ်။ ပြီးတော့ လူသူကင်းရှင်းနေတဲ့ သောင်ပြင်ပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ရင်း ညရဲ့အရောင်ကို ငေးမောမယ်။ တကယ့်လက်တွေ့ဘဝမှာတော့ တံခါးကိုဖွင့်လိုက်တာနဲ့ ကျည်ဆန်တောင့်တွေပဲ ပြေးဝင်လာတာ။ ပုန်းဖို့ခိုဖို့ အချိsန်တောင်မရလို့ ခဏခဏသေဆုံးရတာ။ ဒါနဲ့တောင် ဘဝဟာ ရှင်သန်ဖို့ ထိုက်တန်နေပါသေးသတဲ့။ ငါ့ကိုယ်ငါပဲ အော်ရယ်ရမလား။ ငါ့ကိုနားလည်တဲ့ကောင်တွေကိုပဲ ဖုန်းခေါ်ပြီး ဘီယာသွားသောက်မယ် ပြောရမလား။ ကုန်ခဲ့တဲ့နှစ်တွေတုန်းက ရေးထားခဲ့တဲ့ ကဗျာစာသားတွေကိုပဲ စိတ်နဲ့ရွတ်ကြည့်နေရမလား။ တကယ်တော့ မနက် ၄ နာရီဆိုတဲ့အချိန်ဟာ အိပ်ပျော်နေသင့်ပါပြီ။

(၂)
လျှံကျနေတဲ့ လူလုပ်အလင်းတွေကြားထဲက ခပ်ပါးပါးလွင့်လာတဲ့လရောင်ဟာ ငါနဲ့ မိုင်တွေအဝေးကြီးမှာ။ စိတ်ဟာလည်း ငါ့ခန္ဓာနဲ့ မိုင်တွေအဝေးကြီးမှာ။ သူတို့ရဲ့ချစ်ခြင်းမေတ္တာတွေဟာလည်း ငါရောက်ရှိနေတဲ့ကမ္ဘာခြမ်းနဲ့ မိုင်တွေအဝေးကြီးမှာ။ ဆိုင်ခဲ့သမျှအရာတွေအကုန်လုံး လျှောကျသွားမှတော့ စိတ်ကို လွှတ်ချလိုက်ဖို့ပဲရှိတော့တာ။ ဒါဟာ ငါ့အမှားတွေမဟုတ်ခဲ့ပါဘူးလို့ ယုံကြည်ထားပေမယ့်။ တဆွေးတမြည့်လောင်နေတဲ့ အငွေ့တွေက ငါ့မြင်ကွင်းကို ဝေဝါးစေတယ်။ ဒါနဲ့ပဲ ဆေးလိပ်ကို ပြာခွက်ထဲထိုးချေလိုက်တယ်။ ငါ့ဖြစ်တည်မှုကို အဲသည်လောက်တောင် ငါမသေချာပါဘူး။

(၃)
အစပိုင်းနေ့ရက်တွေနဲ့ အစောပိုင်းရက်စွဲတွေနဲ့ နံရံအောက်ကိုစီးကျလာတဲ့ နောင်တတွေ။ ငုံ့ကြည့်လိုက်ရင် ချောက်နက်ကမ်းပါးအောက်ခြေမှာ ကျောက်သားကျောက်ဆောင်ထက်ထက်တွေ။ မော့ကြည့်လိုက်ရင် ငါ့အပေါ် ခုပဲပြိုကျတော့မလို လိမ္မော်ရောင်တိမ်အုပ်တွေ။ မျက်ဝန်းတွေကို ခပ်ဖွဖွမှိတ်ထားလိုက်မှ ငါ့နောက်မှာကျန်ခဲ့တဲ့မြို့တော်ကို လှမ်းမြင်ရတယ်။ ငါကအရင်အတိုင်းပဲရှိနေပြီး ကမ္ဘာက အရင်အတိုင်းမဟုတ်တော့တာ။ ဒါမှမဟုတ် ကမ္ဘာကအရင်အတိုင်းရှိနေပြီး ငါက အရင်အတိုင်းမဟုတ်တော့တာ။

(၄)
မြေပြင်ဆီကို ဒိုင်းဆို ပစ်လဲကျသွားတဲ့ပင်လယ်ကို ပြတင်းတံခါးဖွင့်ပြီး အခုရပ်ကြည့်နေတယ်။ မြင်နေရတဲ့ တဝေါဝေါတိုက်လေထဲမှာ ကိုယ့်အတွက်အခိုက်အတန့်တွေများ ပါမလားလို့။ ငါတို့အကုန်လုံးဟာ တူညီတဲ့သီချင်းဟောင်းတစ်ပုဒ်တည်းကိုပဲ တစ်နေရာစီက ညည်းဆိုနေကြတဲ့လူငယ်တွေ။ မှိန်နေတဲ့ ကွန်ပျူတာဖန်သားပြင်တွေ၊ ဖျက်ရာအပြည့်နဲ့စာရွက်ညိုဝါတွေ၊ မနင်းရဆိုတဲ့မြက်ခင်းကို ဖြတ်လျှောက်သွားတဲ့ All Star ရှူးဖိနပ်တွေ၊ နောက်ပြီး ငါတို့ကောင်တွေ။ ဒါဟာ ငါတစ်ယောက်တည်း မတ်မတ်ရပ်နေရတဲ့ မနက် ၅ နာရီ ဖြစ်နေပါသတဲ့။ ငါ မယုံပါဘူး။ ထပ်ပြောရရင် ငါမယုံချင်ပါဘူး။

(၅)
နေ့တွေတိုင်း ညတွေတိုင်း ဦးခေါင်းခွံနက်နက်ထဲ ပျံသန်းရောက်ရှိလာတဲ့ မှတ်ဉာဏ်တွေက ပြက်ပြက်ထင်ထင်။ စောင့်ဆိုင်းမနေပါနဲ့။ သစ်တောအုပ်ထဲမှာ ဘာတွေရှိမလဲ။ ဘယ်တော့မှမရပ်နိုင်တဲ့ ဓာတ်လှေကားထဲမှာ ဘာတွေရှိမလဲ။ တစ်မိနစ်။ ခဲတံကို ချွန်စက်ထဲ ထည့်လှည့်လိုက်တယ်။ နောက်တစ်မိနစ်။ စိတ်တွင်းသွေးယိုစီးမှုဟာ လေးညှိ့ကပစ်လွှတ်လိုက်တဲ့ မြားတစ်စင်းလို။ နောက်ထပ်တစ်မိနစ်။ သော့ပေါက်ထဲ တစ်ပိုင်းနစ်မြုပ်ဝင်နေတဲ့ သော့တံကို ဆက်မလှည့်တော့ဘူး။ ကော်ရစ်ဒါတစ်လျှောက်မှာ အိမ်ကထွက်ပြေးလာတဲ့ မီးခိုးရောင်တိမ်တွေရှိမှာပဲ။ ငါသိခဲ့ဖူးတဲ့ သံလိုက်စက်ကွင်းဟာ ကုန်းတွင်းပိုင်းမုန်တိုင်းလို အချိန်နဲ့အမျှ အားပျော့ပြက်ပျယ်သွားမယ်။ ဒီလိုလေထုမျိုးမှာ ငါတို့ကိုယ်ငါတို့မေ့ထားပြီး ဆောင်းရာသီမနက်ခင်းကို သူ့အတိုင်းပဲ ထားလိုက်ကြပါစို့ရဲ့။

(၆)
တူညီတဲ့ဆဲလ်တွေနဲ့တည်ဆောက်ထားတဲ့ တူညီတဲ့အသွေးအသားတွေထဲမှာပဲ မတူညီတဲ့နက်ရှိုင်းမှုတွေ။
ငါ့အနာဂတ်ဟာ မျိုးဗီဇအရမှားယွင်းခဲ့ပါတယ်။
ငါ့တိတ်ဆိတ်မှုကို တစ်ချို့တော့ သိမှာပဲ။
လေတွေက ရုတ်ချည်းရပ်တန့်သွားတယ်။
ငါ့တည်ငြိမ်မှုကို တစ်ချို့တော့သိမှာပဲ။
အချိန်ကာလရဲ့ စီးဆင်းမှုနှုန်းကို အံ့သြငြီးငွေ့ရပါတယ်။
အခုနှစ်ပိုင်း စိတ်အတွင်းသားထဲထိစိမ့်ဝင်နေတဲ့ Dust in the wind သီချင်း။
စားပွဲခုံပေါ် ခေါင်းမှောက်အိပ်လိုက်ရင်ပဲ အသံမဲ့ခရီးတွေက ငါ့ကို ဆက်သယ်ဆောင်သွားပါလိမ့်မယ်။
ကမ္ဘာက သိပ်အေးစက်လွန်းတဲ့အခါမျိုးမှာ ဖိနပ်ကြိုးအဖြူတွေကိုပဲ စိတ်လိုလက်ရ ထိုင်ချည်နေလိုက်တယ်။

(၇)


    ပိုင်ဉာဏ်
    11th December, 2014

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်