(၅)

ရုပ်မြင်သံကြားမှ တိုက်ရိုက် အသံလွှင့်နေပါတယ်
ဒီနေရာဟာ ဘာလဲ ။ ငါ့ဦးခေါင်းပေါ်က အမှတ်အသား ။
ဖြစ်ခဲ့သမျှတွေအတွက် ပြာစတွေ ။ သိသလောက်
ပြောကြည့်ဖို့ ကြိုးစားကြည့်ပေမယ့် ပြောသလောက်
မသိကြတော့ကာ ။ ထိပ်ဖူးတပ် အဖုံးအကာနဲ့
လုံခြုံထားတဲ့ အသိုက် ။ ဘဝဟာ ဖျက်ဆီးပြီးမှရတဲ့
ကြီးကျယ်ခမ်းနားခြင်းနဲ့ စတင်တယ် ။ ဒါတွေအားလုံးရဲ့
အစဟာ ဝင်္ကပါ(၁) ။ ငါ့အရေပြားပေါ် တိုက်ခတ်လာတဲ့
လေပူတွေအတွက် မွေးနေ့ဆုတောင်း ။ ဖြစ်တန်ချေ
အနည်းဆုံးရှိမှ အလုပ်ဖြစ်မယ့် စာသားအတုလို မီးခိုးအတု ။
ငါ့အတွက်တော့ ထားလိုက်ပါ ။ အင်္ဂါနေ့တွေနဲ့ သောကြာနေ့တွေတိုင်း ။
ငါ့လက်ဖဝါးထဲက စိတ်ဟာ တဒိတ်ဒိတ် ။ ရေးလက်စ ဒဏ်ရာတိုင်း
လေထုထဲပျောက်ကွယ်သွားတာ ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးနောက်ပိုင်း ။
တိမ်တွေတအားရွေ့လာတယ် ။ သတိထားမိဖို့အတွက်
တစ်စုံတစ်ယောက်ဆီ ပေးခဲ့တဲ့ကတိစကား ။ နင်က ငါ့ရဲ့တစ်စုံတစ်ယောက်ပဲ ။
ငါ့ကျောပေါ်မှာ ချိတ်ထားတဲ့ကြိုးကို ။ အောက်စိုက်ကျနေတဲ့ နေရောင်အောက်မှာ ။
သူတို့ဘာမှမတတ်နိုင်ခဲ့ကြပါဘူး ။ ခြုံထည်ကို လွှမ်းပေးလိုက်ကြတယ် ။
သစ်တောလမ်းထဲမှာ မင်းဘာတွေများ ပြောခဲ့သေးလဲ ။ မေးခွန်းဟာ ငါ့ကိုပဲ
ပြန်ဖိစီးနေတယ် ။ ဒီအစိတ်အပိုင်းအတွက် တန်ကြေး ။ တစ်ခုကိုပဲ နာနာကျင်ကျင်
ရွေးချယ်ရတော့မယ်ဆိုတဲ့ အချိန်မျိုးဆို ။ မီးအိမ်ဟာ သူလိုကိုယ်လို အဝေးဆုံး
ထွန်းတယ် ။ ဖြစ်နိုင်ချေတွေထဲမှာမှ ဖြစ်တန်စွမ်းက မင်းရယ် ငါရယ် ကံကြမ္မာရယ် ။
တစ်နေ့ပြီးတစ်နေ့ လင်းနေရပေမယ့် မီးပြတိုက်ဟာ အဓိပ္ပာယ်မဲ့လွန်းတယ် ။
ငါတို့ တစ်ယောက်နဲ့တစ်ယောက်အကြားက အကွာအဝေးတွေရဲ့ အဓိပ္ပာယ် ။

    ပိုင်ဉာဏ်
    10th April, 2015

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်