hypothetical venom



ဘာကိုမှ မြင်စွမ်းမသာတဲ့ အမှောင်ထုက လေလုံဇကာတစ်ခုလို ငါ့ကို
ဖုံးအုပ်ထားတယ် ။ ဒါဟာ မင်းမရောက်နိုင်တဲ့ အဝေးက ငါ့ညပဲ ။
လရောင်ဟာ မျက်စိအောက်မှာတင် ပင်လယ်ဖြစ်သွားပြီး ဒဏ်ရာတွေကို
တမျှင်ချင်း ယက်လုပ်တယ် ။ အကွာအဝေးကိုပဲ တိုင်းတာနေရင်းနဲ့
ငါကိုယ်တိုင် အကွာအဝေးတစ်ခုလို အသွင်ပြောင်းသွားရော့မယ် ။
ငါ့နာမည်ခေါ်သံကြားလို့ မော့ကြည့်တော့ လေထီးတစ်ခုက လူမပါပဲ
တအိအိဆင်းလာတယ် ။ ငါတွေဝေသွားတယ် ။ ငါပြန်တည်ဆောက်တယ် ။
အတိုင်းအဆမသိနိုင်တဲ့ အစိမ်းရောင် ချောက်ကမ်းပါးစွန်းမှာ မတ်မတ်ရပ်နေဖို့
ငါကြိုးစားတယ် ။ လေတွေ တအားတိုက်လာတယ် ။ ဒီလိုနဲ့ပဲ ငါ့ဘဝဟာ
မလိုအပ်တဲ့ စွန့်စားမှုတွေကိုပဲ တောင်းဆိုနေခဲ့တယ် ။ ဒီလိုနဲ့ပဲ ငါ့ကို
ဆွဲငင်ထားတဲ့ gravity ကို အသက်ကယ်ဘောကွင်းတစ်ခုလို ငါကိုင်တွယ်မိခဲ့တယ် ။
မှိုပွင့်ပုံတိမ်တိုက်တစ်ခုမှာ ငါ့ပုဂ္ဂလသစ်စေ့တွေကို ချိတ်ဆွဲပေးလိုက်ပြီး
လေထုထဲ လွှတ်တင်တယ် ။ ဘဝဟာ မီးကျည်တစ်ခုလို ထိုးတက်သွားပြီး
နောင်နှစ်ပေါင်းနှစ်ဆယ်ကျော်ရောက်မှ ခရုပတ်ခွေလို ငါတို့ရဲ့ အစုပြချစ်ခြင်းတွေဆီ
ပြန်ဖြာကျတယ် ။ ဒါဟာ ငါဘယ်လောက် လွမ်းနေပါပြီဆိုတဲ့အကြောင်း
သဲပေါ်မှာရေးပြီး မင်းဆီလိပ်မူဖို့ ကြိုးစားနေမိခြင်းပဲ ။

အချို့ညတွေမှာ ကွန်ကရစ်ကြမ်းပေါ် တဖောက်ဖောက်ကျလာတဲ့ မိုးစက်တွေနဲ့တင်
မလုံလောက်လို့ ငါ့မှာ ရေတံခွန်တစ်ခုလို ဆုတောင်းရတယ် ။ အချစ်ဟာ
မသွားပါနဲ့လို့ တားနေတဲ့ကြားက တိမ်အတုတွေထဲ ပျံတက်ထွက်ခွာသွားတဲ့
လေယာဉ်တစ်စင်းပဲ ။ အချစ်ဟာ ငါ့အရိပ်ငါ ပြန်ရှို့နေမိတဲ့ မီးတောက်ပြာလဲ့ပဲ ။
တောင်လတ္တီကျူ့တွေမှာ နေရောင်ဟာ စူးရှလွန်းလို့ ခေါင်းကို အောက်စိုက်
ငုံ့ထားရတယ် ။ ရေဒီယိုထဲက ခပ်တိုးတိုးခေါ်သံကို ငါလျစ်လျူရှုလိုက်တယ် ။
တရှဲရှဲမြည်သံတွေပဲ ပြန်ကြီးစိုးသွားတယ် ။ ဘယ်ကလာတဲ့ ဆက်သွယ်မှုလဲ
ငါမသိချင်ဘူး ။ ဒုက္ခများတဲ့ ကာလတရားထဲ အချိန်ဟာ တွင်းနက်တစ်ခုလို ပြုမူပြီး
ငါတို့ဘဝတွေကို စုပ်ယူသွားတယ် ။ အိမ်အပြန်လမ်းမတွေဟာ ငါထိတွေ့ကိုင်တွယ်လို့မရတဲ့
အကောင်အထည်တစ်ခုလိုမျိုးဖြစ်မယ် ။ ပြန်တွေးလိုက်တိုင်း ငါတို့သိတဲ့အရာတွေကို
ငါတို့မသိတော့ဘူး ။ ငါ့မှားယွင်းအင်ဂျင်မှာ ကိုယ့်ကိုယ်ကို ငြင်းပယ်မှုတွေကို
လှောင်ကန်အပြည့်သိုထားခဲ့တော့ တစ်ဘဝလုံး ဘယ်လောက်သွားသွား
ဘယ်ကိုမှမရောက်ခဲ့ဘူး ။ ဒါဟာ wormhole ကိုဖြတ်ပြီး ရောက်လာတဲ့
နာကျင်လိပ်ပြာတွေရဲ့ ပေါ့ပါးလေးပင်မှုမျိုးပဲ ။

လူဟာ သိပ်ကို အထီးကျန်လာတဲ့ အခါမျိုးမှာ အစုပြနာမ်လို တွေးခေါ်နိုင်ဦးမလား ။
ဆေးလိပ်မီးခိုးတွေ ၊ လေလွင့်ပြာစတွေနဲ့ ငါ့ကိုယ်ငါ လောင်ကျွမ်းနေမိတဲ့ နေ့ညတွေ ။
စိတ်ကျအင်္ကျီနဲ့ မြို့အနှံ့လျှောက်သွားနေမိပြီး ငါ့ကိုယ်ငါ လွှတ်ချထားလိုက်တဲ့
နေ့နေ့ညည ။ အမျိုးအမည်မသိတဲ့ ဝမ်းနည်းစက်ကွင်းတွေက ငါ့ငြီးငွေ့မှုထုထည်လိုပဲ
ထပ်တူထပ်မျှ ကြောက်စရာကောင်းပါတယ် ။ ဒီစကြဝဠာကို စိတ်အလိုမကျ ဖြစ်လာပြီး
နောက်တစ်ခုဆီ ပြောင်းရွှေ့အခြေချဖို့ ငါကြိုးစားတယ် ။ မင်းမသိရအောင် အဲဒီမှာပဲ
ငါ့တစ်ကိုယ်စာ တိတ်ဆိတ်နာကျင်ခဲ့ပါမယ် ။ ဒါဟာ ဘယ်လိုတည်ဆောက်ထားကြောင်း
ရှင်းမပြနိုင်တဲ့ အချိန်ကာလရဲ့ တွန်းကန်အားပဲ ။ လည်ပတ်မှုက အရှေ့ကိုဖြစ်ပြီး
အရွေ့က အနောက်ကိုသွားနေတဲ့ မီးပြဟာ တခြားကြယ်အစုအဝေးတွေဆီ
ဝေးကွာပျောက်ကွယ်သွားတော့ အလင်းရောင်ဆိုတာ ငါတို့မျိုးဗီဇအမှတ်အသားတွေထဲ
ပြုပြင်ထည့်သွင်းထားတဲ့ အကောင်အထည်မဲ့အဆိပ်ပဲ ဖြစ်တယ် ။
ဆောက်တည်ရာမရ ကုန်သည်လေစီးတွေနဲ့အတူ ငါ ပြန်လာဖြစ်ခဲ့ပါပြီ ။

       ပိုင်ဉာဏ်
       19th January, 2018

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်