Kuro ဖတ်ဖို့ရေးတဲ့စာ



နေဟာ ငါ့ရှေ့တည့်တည့်မှာ ဝင်သွားခဲ့ပြီ။ လေက ငါ့စိတ်တွေ အဝေးကြီးကို လွင့်ပါသွားအောင် တိုက်ပစ်လိုက်တယ်။ တကယ်ဆို သံလိုက်အိမ်မြောင်က အိမ်အရပ်ကိုပဲ ညွှန်ပြနေဖို့သင့်တာ။ အကွာတွေ အဝေးတွေ တစစ်စစ် နာကျင်ကိုက်ခဲ့နေရတဲ့ ချစ်ခြင်းမေတ္တာထုထည်တွေ။ ငါ့ရွေးချယ်မှုတိုင်းဟာ တစ်ဘဝလုံး မှားယွင်းခဲ့ပါတယ်။ နောက်ပိုင်းရက်စွဲတွေ နောက်ဆုံးနေ့ရက်တွေနဲ့ နံရံအောက်ကို စီးကျလာတဲ့ ငါ့နောင်တတွေ။ အမှောင်ထုက ကျယ်ပြန့်သိပ်သည်းလွန်းတော့ ငါ့မှတ်ဉာဏ်ထဲမှာ မင်းပုံရိပ်တွေကို ပြန်မြင်လိုက်တိုင်း ကျလွင့်လာတဲ့ အလင်းမှုန်စလေးတွေနဲ့ပဲ ခုခံနေရ။ နေရာတိုင်းက အလင်းတွေထက် မင်းဆီက အလင်းကိုပဲ ပိုပြီးလိုတာ။ အခု ငါ့မျက်လုံးတွေကို တင်းတင်းမှိတ်ထားလိုက်တော့ မိုးစိုနေမှာစိုးလို့ ဆိုင်ထဲကစောင့်နော် ဆိုတဲ့ ဖုန်းစာတိုတစ်စောင်ရယ် နင်ဝတ်လာတဲ့ လင်းနို့လူသားတံဆိပ်ပါတဲ့ အင်္ကျီပွပွရယ်က ခုန်ဝင်လာတယ်။ နောက်နေ့တွေမှာ ငါ မိုးရေတွေထဲ လျှောက်သွားမိနေခဲ့သတဲ့။ အခုနေ့တွေမှာလည်း ငါ လွမ်းဆွတ်မိုးတိမ်တွေဆီ ဆက်သွယ်နေမိခဲ့။ ကမ္ဘာရဲ့ ကျယ်ပြန့်နိုင်စွမ်းက နင် နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်တိုင်း ငါမြင်နေရတဲ့ ပါးချိုင့်ခွက်လေးလောက် မလှပဘူး ဘေဘီ။

အရာရာဟာ တအားနောက်ကျသွားခဲ့ပေမယ့် အခွင့်ရှိသေးရင်ပေါ့လေ။ ငါ့မှားယွင်းအင်ဂျင်မှာ တပ်ဆင်ထားခဲ့တဲ့ စံနှုန်းတွေကို ငါပစ်ချလိုက်ပြီဆိုတဲ့ အကြောင်း။ ညနေခင်းတွေမှာ တငြိမ့်ငြိမ့်စိမ့်ထွက်နေတဲ့ ကိုယ်ပိုင်အရောင်တစ်ခု ရှိတဲ့အကြောင်း။ ကန်ဘေးကမ်းစပ်မှာ တိတ်တိတ်လေးထိုင်ပြီး ပြောပြချင်ပါသေးတယ်။ အဆုံးသတ်မှာ နင့်ပျော်ရွှင်မှုဟာ ငါ့ဖြစ်တည်မှုပဲဖြစ်တယ် ဘေဘီ။



     ပိုင်ဉာဏ်
     9th October, 2019

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်