လူလုပ်မှတ်ဉာဏ် - ၁၃


အမိုးပေါ်မိုးသံတွေကြားတော့ ငါ ပြတင်းမှန်ကွဲတွေ
အလယ်မှာ ဝရံတာကနေ ဒီညကို ငါ ပြက်ပြက်ထင်ထင်
မြင်နေရပုံများ လရိပ်အောက်က မြို့ကို ဖြတ်စီးနေတဲ့
မြစ်ရေတွေထဲ မိုးမတိတ် ငါ့အော်သံတွေ မတိတ်ဆိတ်နိုင်
အရာရာဟာ သမိုင်းဘီး တစ်ပတ် လည်တာနဲ့တင်
မလုံလောက်လို့ ငါ့နားကြပ်ကို အသံကုန် မြှင့်ထားရတယ်
မိုးသည်းထဲ မြို့ကို တစ်ပတ်ပြီးတစ်ပတ် ဖြတ်ပျံနေတဲ့
ငှက်ဟာ အနက်ရောင် မြို့တံခါးအတိုင်း ဝင်လာတဲ့
ချပ်ဝတ်ပြည့် မြင်းသည်တော်ကလည်း အနက်ရောင်
ရှိရှိသမျှ မီးကျည်အဝါတွေကို မုန်တိုင်းအလယ်ထဲ
ပစ်တင်ပြီးတဲ့နောက် ငါ့မှာ ဆုံးရှုံးစရာ မကျန်တော့ပါဘူး
ဒီလိုနဲ့ မြက်ခင်းပြင်ကျယ်တွေဆီမှာတော့ ပျော်ဝင်စရာ
အလင်းတွေ ရှိဦးမှာပါလို့ ငါ့ကိုယ်ငါ ယုံကြည်ခဲ့တာပေါ့
လေကြမ်းထဲ မငြိမ်းသွားမယ့် မင်းလက်ထဲက မီးပြလိုမျိုးပေါ့
ပင်လယ်လှိုင်းတွေဟာ လေတံခွန်လို တလွင့်လွင့်နဲ့
အရာရာတိုင်းဟာ မိုးရေထဲက ထီးအနီရင့်နဲ့ စခဲ့ပြီး
သွေးအနီရင့်နဲ့ ဆုံးခဲ့တယ် ဝမ်းနည်းစက်ကွင်းတိုင်းဆီ
သူ ပြန်မလာတော့ဘူး

     ပိုင်ဉာဏ်
     19th May, 2020

ညွှန်း။ မြစ်စောင့်နတ် - ဏေသစ်
    -    မိုးရွာထဲ Aimer သီချင်းတွေ နားထောင်ပြီးရေးခဲ့     

Comments

Popular posts from this blog

စက္ကူမြို့ရဲ့ အနီရောင်နှင်းဆီပန်းတွေအတွက် အချစ်ကဗျာတစ်ပုဒ်

letter on dunes

ပန်းပွင့်တွေရဲ့ဝေါ့လ်ဇ် (waltz of the flowers)