အလုံပိတ်ဥမင်တစ်လျှောက် တစ်ညလုံးပြေးနေ

သံဇကာကွက်ကို လွန်းပျံပုံပေါ်အောင် ယှက်ဖောက်ထားတဲ့ အမျှင်တွေကြား
လျှပ်တိုက်လျှောက်သွားတဲ့ စကားသံတွေကို ဖမ်းဆုပ်ယူနိုင်စွမ်း
လဝန်းရဲ့အချင်းဟာ သစ်ကိုင်းခက်တွေရဲ့အနားကို တိတိရိရိ ပိုင်းထားတယ်။
အချိန်တစ်ခုရောက်တဲ့အထိ စိမ်းလန်းမလို့ဆို
အမှောင်ထုကို ငှက်နက်တွေရဲ့ တောင်ပံနဲ့ ဖြည်းဖြည်းချင်း ခြစ်ထုတ်ပါးလျမခံရခင်အထိ
တိမ်ထူတွေက စက်တင်ဘာထဲ ဝင်သွားပြီး အနောက်လေတွေက စက်တင်ဘာထဲက ပြန်ထွက်လာတာ။
အဲဒီလိုနဲ့ ပြီးဆုံးပျောက်ကွယ်သွားရခြင်းတွေရဲ့ နောက်တစ်ဖန် လျှို့ဝှက်သိမ်မွေ့မှုက ကျကျနနလှည့်စားပြန်ဦးမှာ။
လူရဲ့မှော်အတတ်ဟာ လူကို ကျော်လွန်သွားခဲ့တယ်။
ဆောင်းဦးရာသီ ကုန်သွားတဲ့အထိ လမ်းတွေက ကောက်ကွေ့နေ။
အစွန်းရောက်မျှော်လင့်ခြင်းအတတ်နဲ့ ဆွဲစုပ်ယူသွားခံရမယ့် လိပ်ပြာရောင်စုံတွေလည်း တဖျတ်ဖျတ်ပျံသန်းလို့
လည်ပတ်မှုက အရှေ့ဖြစ်ပြီး ရွေ့လျားမှုက နောက်ကို ဖြစ်နေတဲ့ကာလ
ငါ့ရဲ့ဓါးရှည်တစ်လက်လိုမင်းရဲ့ကန္တာရ ငါတိုက်ပွဲဝင်ပါတယ်။
သံသရာအချင်းချင်းထိခတ်သွားတဲ့ လမ်းမှာ ပန်းတွေပွင့်ကိန်းလည်းရှိတယ်။
ငါ့ ကရကဋ်သံသရာက ဘယ်တော့မှ မငြိမ်းချမ်းဘူး။
ရိုးသားမှုကို ယုံပါ။
စိတ်မှန်းနဲ့ ခြယ်ထားတဲ့ဆေးရောင်တွေထဲက ညတစ်ညရဲ့အမျှင်တွေက တဆိတ် ရှည်ကြာလွန်းတယ်။
မကြားရတဲ့အသံတွေရဲ့ တုန်ခါနှုန်း ... အလားတူဆိတ်သုဉ်းမှုမျိုးလို ကြယ်တွေဟာ မမြင်သောအရပ်မှာသာကြွေတယ်။
အရွေ့တွေက သိမ်မွေ့လွန်းတော့ နာမ်သိစိတ်တစ်ခုလုံး ရွေ့သွားတယ်။
နေကွယ်အရပ်ရဲ့ဘာသာစကားထဲမှာ တိတ်ဆိတ်မှုတွေလိုမျိုး
ကံကြမ္မာသွေဖီတဲ့ လိုင်းများကြား သစ်ရွက်ကြွေတွေရဲ့ တိတ်ဆိတ်မှုကတောင် လေညင်းကိုနှိုးနိုင်တယ်။
ငါဟာ သစ်ရွက်ကြွေကို ရှုံးတယ်။
အခန်းထဲက ညအိပ်မီးလုံးရဲ့ နာကျင်မှုကို လိုင်းပေါ်က ဓာတ်ပုံတစ်ပုံမှာ မြင်လိုက်တယ်။
တော်ဝင်မင်းသမီးလေးကို နမ်းပါတယ်။ ငါ့အနမ်းတွေ တစ်ဝက်ဖြစ်သွား ပိတ်သိမ်းလိုက်တဲ့ အလင်းဆိုင်လိုပဲ
နံရိုးများရဲ့ ဘယ်ဘက်အခြမ်းဟာ လေးလံမှုကို မှိန်ဖျော့စွာခံစားနေရ။
ဆောင့်တိုးဝင်လာတဲ့အာရုံများ ပန်းပွင့်ချပ်များပေါ်မှာ အက်ကွဲကြောင်းတွေအဖြစ်လင်းတယ်။
ဒါဟာ သံသရာအဆက်ဆက် သံသရာချင်းထိကပ်သွားတဲ့ စကားသံတွေ
တိမ်စိုင်တွေထဲ တိုးဝှေ့ပျံသန်း ဆွဲဆွဲငင်ငင်လွမ်းဆွတ်သံများ စက်တင်ဘာချန်ခဲ့ရင် ရွာမယ်။
မြေပြင်ယန္တရားက လေထုကို / ငါ့ကို တွန်းကန်တယ်။
လေတံခွန်မပျံတဲ့ကောင်းကင်အလွတ်တွေ၊
အနားမကွပ်ရသေးတဲ့အဖြူရောင်များနဲ့ ပရမ်းပတာလှတဲ့ ပန်းချီကားမှာ ငါဟာ ဆေးသားတစ်စက်ဖြစ်တယ်။
မြင်းရထားကိုတားပါ။
မကွဲအက်ခင်အဆင့်ကို တစ်ထစ်လျှော့မှတ်သားပြီးတဲ့အခါ တစ်လောကလုံးရဲ့ပုံရိပ်ယောင်များဟာ ပြေးလမ်းတစ်လျှောက် အထားအသိုအလွဲကြီးနဲ့ ငါ ပြေးနေတယ်။
ထွက်ပြေးနေရတာကနေ လွတ်မြောက်ဖို့ ငါ ပြေးနေတာ။
အရာရာကို သိစိတ်မဲ့တုံ့ပြန်လိုက်အပြီး စည်းတွေကိုရိုက်ချိုးလိုက်တယ်။
စပေ့စ်တစ်ခု ရွေ့သွားတဲ့အနောက်
ထွက်ခွာသွားတဲ့ အရိပ်မှာ အလင်းရောင်ပါပါသွားတယ်။
ငါတို့ကို ပိတ်မိနေတဲ့ဟင်းလင်းပြင်အတုမှာ
ကြိုးတွေကိုချည်ထားတာမှမဟုတ်ပဲ အရိပ်တွေကချည်နှောင်ထား။          ။

     ပိုင်ဉာဏ် | ဖြူစေခိုင်
     25th September, 2013

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်