Five O'Clock On My Deathbed

နေချင်သလိုနေတယ်ဆိုတာ စောက်စကားအဖြစ်ပဲရှိတာ ရေခဲမုန့်တွေဆီ ငါသွားတယ် ဘယ်မှာလဲ ငါကြားချင်တဲ့ ပေါက်ကွဲလွယ်ဒရမ်သံတွေ မျက်ခုံးနှစ်ခုကို လက်ညှိုးလက်မနဲ့ အသာအယာနှိပ်ပြီးနောက်မှာ ရောက်လာတဲ့တစ္ဆေဟာ ဘယ်လိုမျိုးလဲ ငါ့အသက်ဆယ့်ငါးနှစ်တုန်းက သူငယ်ချင်းတွေနဲ့ ငါ့အသက်နှစ်ဆယ့်နှစ်ရောက်တော့ သူငယ်ချင်းတွေ တူနေသေးတာ လေယာဉ်တစ်စီးတည်းမှာ လေထီးအပေါက်ကိုယ်စီနဲ့ သမုဒ္ဒရာထဲပျက်ကျသွားတာ ငါတို့အံ့သြတကြီးဖြစ်ခဲ့ရတဲ့ မှော်ပညာ မင်းတို့ဘယ်လိုမှ မထင်ထားတဲ့ ဟိုးအဝေးတစ်နေရာမှာ ငါ့အသက်ကို သဘာဝတရားက ဖယောင်းတစ်တိုင်လို မှုတ်ငြိမ်းလိုက်မယ်ဆိုပါတော့ ငါငယ်ငယ်တုန်းကဘဝဟာ ဘယ်လိုမျိုးလဲ တစ်နေ့ပြီးတစ်နေ့ လည်ပတ်နေရပေမယ့် ဘယ်ခရီးမှ မရောက်ခဲ့တဲ့ဘီး ရေတွင်းနက်နက်ထဲက ဘယ်သူမှ ဖောက်ထွင်းမမြင်နိုင်တဲ့ အမှောင်ထုလို လူပေါင်းတစ်သိန်းကို ဆွဲချသွားတဲ့ စတုတ္ထမြောက်လှိုင်းလို မင်းရဲ့ အပြစ်ရှိတဲ့ခံစားချက်ကို မြိုသိပ်ဖုံးကွယ်ပြီး လူမမြင်နိုင်တဲ့ မျက်နှာဖုံးတပ်ဘဝလို စောက်တံခါးတွေပိတ်တယ် စောက်တံခါးတွေဖွင့်တယ် ငါ့ကိုယ်ငါထက် မင်းကိုယ်မင်းက ပိုအရေးကြီးတယ် စဉ်းစားပါ ရော့ ဒီမှာ မင်းအတွက်ငါ့ရဲ့မုဒြာ နောက်ထပ်တစ်ရက်ရက်မှာ ငါတို့ဆက်တွေးကြဦးမယ် ဒါပေမယ့် နတ်ဘုရားတွေရှိတော့မှာမဟုတ် သူတို့ရဲ့အလံတော်ကို ပျင်းပျင်းရိရိ ငါလိပ်သိမ်းလိုက်တယ် အဲဒီမှာ ဟိုမိုဆေးပီးယန်း စဖြစ်တည်လာတာပဲ ငါ့ဂယောက်အတွေးတွေကို ယူမတွေးပါနဲ့ ညနေခြောက်နာရီ ကုန်းတွင်းပိုင်းဇုန်ရဲ့အက်ဖ်အမ် မုန်တိုင်းဟာ သီချင်းသံလို လွင့်လာတာလား တေးသွားဟာ တော်ပီဒိုယောင် ဆောင်လာတာလား နတ်ဆိုးတွေနဲ့ သူတို့ဘော်ဒါ ငါတို့ပဲသိမှာ ခုတစ်စက္ကန့် ငါဟာအတိသယဝုတ္တိအလင်္ကာနဲ့ နောက်တစ်စက္ကန့် ငါဟာ ကာစီနိုးမားပသိုဂျင်နဲ့ မာတီနီဖန်ခွက်ကိုင်ထားတဲ့ အေးစက်စက်လက်နဲ့ နေ့တိုင်းမငြီးငွေ့စေရဘူးဆိုတာ နေ့တိုင်းဟန်ဆောင်မယ်ဆိုတဲ့သဘော ငါရိုက်ပို့ခဲ့သမျှ စာသားတွေရဲ့ ဒစ်ဂျစ်တယ်သဘောအရ သက်ရောက်မှုဟာ သူမရဲ့နေ့စဉ်ဘဝဆီ တစ်ခုသော ဆောင်းရာသီမနက်ခင်း မြက်ပင်ပုလေးတွေမှာ တွဲလွဲခိုနေတဲ့ ဘာသာစကား ရထားဟာ ငါ့ဆီရောက်မှာပါ လေဝင်လေထွက်စနစ်နဲ့ ကမ္ဘာကိုပြုပြင်နိုင်မယ့် ဒဏ်ရာ ခြုံစောင်အောက်ကလူဟာ သူ့ထိုးထွင်းဉာဏ်ကို အံဆွဲထဲမှာ ဝှက်ထားတယ် ငါတွေးတယ် ဖြစ်တည်မှုနတ္ထိ လေးထောင့်ပုံးထဲက ရှရိုဒင်ဂါရဲ့သေနတ် ဘစ်ဂ်ဘရားသားရဲ့ ခန်းမနံရံအပြည့်ပိုစတာ လရောင်အောက်က ဆွဲဆောင်မှုအပြည့်နဲ့ တယောသံ ဓားသွားအမှတ်တစ်ဆယ် ငါ့ဒိုင်ယာရီဟာ မင်းအတွက်မလုံခြုံပါဘူး ပျော်ရွှင်နေ(ပုံရ)တဲ့လူအုပ်နဲ့ ငါနဲ့ သဟဇာတမဖြစ်(နိုင်)တာ သူတို့ရဲ့ဝူဖာသံတွေနဲ့ ငါ့သူငယ်ချင်းတွေနဲ့ မျက်နှာချင်းဆိုင်ကမ်းခြေက အစိမ်းရောင်မီးလုံး ဘဝဟာ ငါတို့ကောင်တွေကို တရွှမ်းရွှမ်းသံပေးနေတဲ့ စိတ်ကူးယဉ်ကြာပွတ်တစ်ချောင်းပဲ ငါဒီစကားတွေ ဘယ်သူ့ကိုပြောရမှာလဲ မီးပြတိုက်ဟာ ရေမျက်နှာပြင်ထက် နှစ်ဆယ့်လေးမီတာမြင့်တယ် ဆယ်မိုင်လင်းတယ် ညဟာ ခုခံသူမှန်သမျှကို ချေမှုန်းပစ်တယ် ဒါဟာ နံရံကိုလောင်နေတဲ့ အပြာလဲ့ရောင်မီးတောက် နောက်ပြီး ဒါဟာ ငါရွေးချယ်တဲ့ မြေပေါ်မြေအောက်အရှိတရား

တော်လှန်ရေးမရင့်မှည့်ခင်
လက်တွန်းလှည်းကိုတွန်းပြီး ဘူတာစင်္ကြန်ထဲဖောက်ဝင်သွားဖို့
တစ်နေ့နေ့များရောက်ခဲ့ရင် နောက်လေယာဉ်တစ်စီးပြောင်းစီးဖို့

    ပိုင်ဉာဏ်
    12nd September, 2015

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်