ငါတို့ကိုယ်ငါတို့ ရည်စူးပြီး နှင်းတောထဲ ကြဲပက်လိုက်တဲ့ အရက်တစ်ခွက်အတွက် အချစ်ကဗျာတစ်ပုဒ်
ခွေးအအုပ်ကြီး ရောက်မလာခင်အထိ လိပ်ပြာတွေကို ကာပစ်ပေးပြီး နှင်းတောကြီးကို ငါ ဒီတိုင်းခုခံနေခဲ့တာပေါ့ ကြာလာတော့လည်း အဆက်မပြတ် ကျရောက်ပေါက်ကွဲနေတဲ့ နှင်းစတွေကို ငါ စောက်သည်းပေါက်လာတယ် အခုချိန် လဲရ ပစ်ရလွန်းလို့ အံသေနေတဲ့ လက်တွေအစား ပင့်ကူအိမ်ထဲက မီးလင်းဖိုကို ငါတောင့်တတယ် ဘယ်လိုနှင်းမျိုးတွေကများ ဘာကြောင့် စောက်ငြှိုးတကြီးနဲ့ သူ့ကိုယ်သူအသေခံပြီး ငါတို့ဆီ ပစ်ပေါက်နေရတာလဲ လင်းလက်စူးရှ နွေရာသီတွေဆီမှာ နေတုန်းက ငါ ဘယ်တော့မှ တွေးမိမယ် မထင်ခဲ့တာတွေကို ခုမှတွေးမိနေရတယ် သမိုင်းဟာ ငါ့ပေါ်ဆက်တိုက် ကျကွဲနေတဲ့ နှင်းစတွေလား ငါ့ရှေ့ကတုတ်ကျင်းမှာ ထိသွားတဲ့ ရဲဘော်ရဲ့ သွေးတွေလား ငါ့ကောင်ကို တက်ဆွဲမကွာဆိုပြီး ငါ့ပစ်ကျင်းထဲက ထွက်မလို့လုပ်တုန်း ကြောင်က ငါ့ခြေထောက်ကို ဆွဲပြီးတားတယ် နောက်ထပ်နှင်းကြဲလေယာဉ်တွေ ရောက်မလာခင်အထိတော့ ငါ့ကတုတ်ဆီစီးလာတဲ့ သွေးတွေကို ကြည့်နေခဲ့ရတာပဲ ငါဘယ်ရောက်နေလဲ သဲလွန်စတွေကို ထပ်ဖန်တလဲလဲ တည်ဆောက်ဖို့အတွက် အဝေးနေ့ကို တစ်တောင့်ချင်းရေတယ် ငါ့ဘေးပတ်ဝန်းကျင်တစ်ခုလုံး အလင်းရောင်စူးစူးတွေနဲ့ တုန်ခါနေတုန်းမှာ ငါ့အရက်ပုလင်းကိုငါ ဆုပ်ကိုင်ထားရတယ် ဒီနှင်းတောကြီးဆီ ထွက်မလာခင်လေးမှာ သွားတော့မယ်လို့