အိပ်မပျော်ခင် အရောက်သွားရမယ့်မိုင်တွေ

အဝိုင်းကြီးထဲတစ်ပတ် အဝိုင်းလေးထဲတစ်ပတ်
လူဟာ တစ်ခုခုကိုတော့ ကိုးကွယ်နေရတာပဲမဟုတ်လား (ကြုံသလိုပေါ့)
beep - beep
ငါတို့နှစ်ယောက်ကြား ဆက်သွယ်မထားတဲ့ အဝေးပြေးလမ်းမတွေ
ခင်ဗျားတို့ ဘယ်လောက်ငြင်းငြင်း နဂါးငွေ့တန်းအဟောင်းတွေထဲ ပိတ်မိနေကြတာပါပဲ
ခင်ဗျားတို့ဆီရောက်မှ လူသားဆန်မှုဟာ ဘယ်သူ့လက်ချက်လဲ ထက်ပိုင်းကျိုး
ဘယ်သူ့အရိပ်နဲ့မှ မလွတ်ဘူး ။ ဘယ်ဝါ့အရိပ်နဲ့မှ လွတ်အောင်မနေဘူး ။

/တနင်္ဂနွေညမှာ မီးအိမ်တွေကို လိုက်ထွန်းတယ်/
/သတိရစိတ်တွေ လင်းလာတယ်/

အိပ်မောကျခြင်းက နမိတ်ပုံတစ်ခု ။ မိုင်တိုင်တွေက နမိတ်ပုံတစ်ခု ။
ပေါင်းရှစ်ယောက် ဂေါက်ရိုက်သူ
သုံးနေကျစာသားတွေက အဓိပ္ပါယ်မပြည့်မစုံတဲ့ prototype စာသားတွေ
ဒီလိပ်စာကဒ်မှာ မျိုးရိုးအမည်မပါရှိ           beep - beep
ဒီလိုပါ ။ ငါတို့ဟာ တစ်ခုခုကိုတော့ တော်လှန်နေရမှာပဲ ။ ဖြစ်သလိုပေါ့ ။
          သမိုင်းဝင် စာသားတော်လှန်ရေးကာလတုန်းကပေါ့            (...တီ...)
ဆောရီးဗျာ ဒီတိုင်းဒီပြည်ကို ဒီအဟောင်းဈေးနဲ့ရောင်းသွားပြီ
ဒါကဒီလိုပါ ဒီတစ်ကြောင်းလုံးရဲ့ အသက်ဟာ ဒီတစ်ကျောင်းလုံးရဲ့အသက်ပဲ
ဒီနေရာမှာ ရဲရင့်သူတွေ လဲလျောင်းတယ် Here lie the brave
အိမ်အပြန် နောက်ဆုံးရထား ပျောက်ဆုံးနေတဲ့ ကြိုဟောဆရာ

ငါ့မှာ ထိန်းသိမ်းရမယ့် ကတိစကားတွေနဲ့
အိပ်မပျော်ခင်(         )အရောက်သွားရမယ့် မိုင်တွေနဲ့
ငါတို့နှစ်ယောက်ကြား ဆက်သွယ်မထားတဲ့
နဂါးဖမ်းသူတွေဆီက ကတိစကားတွေနဲ့
လူ့ယဉ်ကျေးမှုလုပ်ငန်းစဉ် မပြီးဆုံးခင် အရောက်သွားရမယ့် ခရီးမိုင်တွေနဲ့
ငါတို့တွေးထင်နိုင်တာထက်ပိုပြီး
ငါတို့သိမြင်နိုင်တာထက်ပိုပြီး
အပြေးသွားနေတဲ့ သစ်တောအုပ်ထဲက တစ်စုံတစ်ရာထက်ပိုပြီး
။        ။

    ပိုင်ဉာဏ်
    27th July, 2013

- Robert Frost ၏ "Stopping by Woods on a Snowy Evening" မှ 'Miles to go before I sleep' စာသားကို ခေါင်းစဉ်အဖြစ် အသုံးပြုထားသည်။ 'But, I have promises to keep' စာသားကိုလည်း ထပ်မံသုံးစွဲထားသည်။
- 'ဘယ်သူ့လက်ချက်လဲ ထက်ပိုင်းကြိုး' ဟူသောစာသားမှာ ကဗျာဆရာ လောက ၏ ကဗျာခေါင်းစဉ် တစ်ခုဖြစ်သည်။

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်