Tuesday, February 27, 2018

လူလုပ်မှတ်ဉာဏ် - ၁၂




ငါ ခပ်ငယ်ငယ်တုန်းက ငါ့အဘိုးနဲ့အဘွားနေတဲ့ ရပ်ကွက်ထဲမှာ တစ်ထပ်တိုက်အိမ်ပုလေးရဲ့ အိမ်အပြင်နံရံက Aa@ ဒီဇိုင်းကို အစွဲပြုပြီး အေသုံးလုံးလို့ခေါ်တဲ့ အိမ်ဆိုင်လေးတစ်ခုရှိတယ် အေသုံးလုံးကနေ ရေခဲသေတ္တာကို သူခိုးခိုးခံရတဲ့အကြောင်း အဲဒီတုန်းက ရပ်ကွက်တစ်ခုလုံးရဲ့ ခေါင်းကြီးသတင်းပဲ ငါ့အဘိုးဆို ခြံတံခါးကို သံချိန်းကြိုးနဲ့ သော့တစ်ထပ် အိမ်တံခါး သော့နှစ်ထပ်ခတ်ပြီးမှ အိပ်ရာဝင်တာ ငါမှတ်မိသေးတယ် ငါ့မှတ်ဉာဏ်ရဲ့ ဘယ်အကြိုအကြားက ခုပြန်ထွက်လာလဲတော့ မသိဘူး ခုနေ ပြန်စဉ်းစားကြည့်တော့ ငါသူငယ်တန်းမှာ မင်္ဂလာပါ ဘဘဗိုလ်ချုပ်ကြီးဆိုပြီး ဗိုလ်ချုပ်ခင်ညွန့်ကို လက်အုပ်ချီနှုတ်ဆက်ခဲ့ရတယ် ငါတို့တွေက ပိတ်ဖြူစင်ကြယ်နဲ့ ဖိုးသူတော်လေးတွေပေါ့ သာသနာဆိုတာဟာ အာဏာကို မကျော်နိုင်သလို ငါတို့အဖြူလေးတွေက အစိမ်းရင့်ရောင် ယူနီဖောင်းကို ဦးညွတ်ရိုသေပြခဲ့ရတာပေါ့ ဒူးကလေးတွေပါ ညွတ်ပြီးတော့ တညီတညာလေးပေါ့ အဲဒီနှစ်တုန်းက ငါ့အခင်ဆုံးဖြစ်ခဲ့ဖူးတဲ့ သူငယ်ချင်းပုခုံးကို ဖက်ပြီး အတန်းထဲမှာ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံ ငါ့အမေသိမ်းထားတဲ့ အယ်ဘမ်အဟောင်းတွေထဲမှာ ရှိသေးတယ် ငါတို့နှစ်ကောင်လုံး အဖြူလက်တို ဘောင်းဘီရှည် အစိမ်းကိုယ်စီနဲ့ သွားကျိုးကလေးတွေပေါ့ အခုတော့ အဲ့ကောင်နာမည်တောင် ငါမမှတ်မိတော့ပါဘူး အဲဒီမြို့ထဲကျောင်းမှာ တစ်နှစ်ပဲတက်ပြီး ဝေးလို့ဆိုပြီး ငါ့အိမ်နားက ကျောင်းလေးကို ပြောင်းလာခဲ့ရတယ် ဘီအမ်ကျောင်းကားကြီးနဲ့ ကျောင်းတက်ခဲ့ရတဲ့ တစ်ခုတည်းသောနှစ်ပေါ့ ဘဝဟာ ရိုးရှင်းခဲ့တယ် ကျောင်းကားပေါ်ကဆင်းရင် ကျိုက္ကဆံလမ်းမကြီးကို ဖြတ်မကူးခင် ဆင်ကလေး ဂျမ်ဘိုတံဆိပ် အာလူးလုံးကြော်တစ်ထုပ် ဝယ်မယ် သောကြာညဆို ရုပ်ပြစာအုပ်ဆိုင် သွားပြီး ဆိုင်မှာတင် စာမြည်းသလိုလိုနဲ့ တစ်အုပ်ပြီးအောင် အမြန်ဖတ်ပြီး အိမ်ကို တစ်အုပ်ငှားသွားမယ် များသောအားဖြင့် ဘိုဘို တွတ်ပီ သမိန်ပေါသွပ်တွေကို မီးပျက်ညတွေမှာ ဖယောင်းတိုင်နဲ့ ကြိုးစားပမ်းစား ဖတ်ခဲ့တဲ့ ညတွေပေါ့ တစ်ခါတစ်ခါ မှတ်ဉာဏ်တွေရဲ့ ကြည်လင်ပြတ်သားမှုက အံ့သြတုန်လှုပ်စရာ ငါ မူလတန်းပြီးတဲ့အထိ တစ်ရက် ၂၅ ကျပ် မုန့်ဖိုးရတယ် မနက်ကျောင်းခေါင်းလောင်းမထိုးခင် ဒိုရေမီ အချိုရည်တစ်ထုပ်ကို နှစ်ဆယ်နဲ့ ဝယ်သောက်ပြီးရင် နေ့တိုင်း ငါ့အတွက် ငါးကျပ် ကျန်တယ် ယူရိုနှစ်ထောင်မှာ ပြင်သစ်နဲ့ အီတလီ ဗိုလ်လုတော့ ထရက်ဇီဂေးရဲ့ ရွှေဂိုးနဲ့ အချိန်ပိုမှာ နိုင်ပြီး ငါရမယ့် လောင်းကြေးငါးယူရိုကို ငါ့အဖေဆီက ခုထိမရသေးတာ ငါမှတ်မိတယ် အလယ်တန်းစတက်ဖို့ တာမွေ၅ ကို ပြောင်းတော့ ပထမဆုံးနေ့မှာတင် ငါကျောင်းနောက်ကျတယ် ဒါနဲ့ပဲ အနီအသင်းရဲ့ နောက်ဆုံးခုံတန်းမှာ အရိုးဘေးကတစ်ခုံလွတ်နေလို့ ငါဝင်ထိုင်တယ် အခုဆို ဒီကောင်ဆုံးတာ နှစ်နှစ်ကျော်ပြီ ငါ့သူငယ်ချင်း အရိုးကို သတိရတယ် တစ်ခါတစ်ခါ မှတ်ဉာဏ်တွေရဲ့ ကြည်လင်ပြတ်သားမှုက လွမ်းဆွတ်နာကျင်စရာ ကမ်းမမြင် လမ်းမမြင် အမှောင်နက်နက်ထဲမှာ ဘလက်ကော်ဖီကျကျကို တစ်ငုံချင်းသောက်ရင်း ဆယ်တန်းကျောင်းခန်းထဲမှာ ပြဌာန်းစာအုပ်တွေနဲ့ ပစ်ပေါက်စစ်တိုက်နေခဲ့ကြတဲ့ နေ့လည်ခင်းတစ်ခုကို ပြန်အမှတ်ရတယ် သာမန်စက္ကူမြားလေးတွေ ခေါက်ပြီး ဟိုဘက်ဒီဘက် ပစ်ဆော့နေကြတာက စတာပဲ နောက်တော့ စက္ကန့်ပိုင်းအတွင်း စာအုပ်တွေ လေထဲ ကျည်ဆံလို ပလူပျံဝဲကုန်တဲ့ တကယ့်စစ်ပွဲ အသွင်ပြောင်းသွားတော့တာပဲ အဲအချိန်က အဲဒီအခန်းထဲ ရှိခဲ့ကြတဲ့ အဲဒီကောင်တွေ တော်တော်များများ ဘယ်ရောက်ကုန်ကြတာ ဒါထက် အခု ငါကရော ဘယ်ကိုသွားနေတာ

ပိုင်ဉာဏ်
14th February, 2018

Friday, January 19, 2018

hypothetical venom



ဘာကိုမှ မြင်စွမ်းမသာတဲ့ အမှောင်ထုက လေလုံဇကာတစ်ခုလို ငါ့ကို
ဖုံးအုပ်ထားတယ် ။ ဒါဟာ မင်းမရောက်နိုင်တဲ့ အဝေးက ငါ့ညပဲ ။
လရောင်ဟာ မျက်စိအောက်မှာတင် ပင်လယ်ဖြစ်သွားပြီး ဒဏ်ရာတွေကို
တမျှင်ချင်း ယက်လုပ်တယ် ။ အကွာအဝေးကိုပဲ တိုင်းတာနေရင်းနဲ့
ငါကိုယ်တိုင် အကွာအဝေးတစ်ခုလို အသွင်ပြောင်းသွားရော့မယ် ။
ငါ့နာမည်ခေါ်သံကြားလို့ မော့ကြည့်တော့ လေထီးတစ်ခုက လူမပါပဲ
တအိအိဆင်းလာတယ် ။ ငါတွေဝေသွားတယ် ။ ငါပြန်တည်ဆောက်တယ် ။
အတိုင်းအဆမသိနိုင်တဲ့ အစိမ်းရောင် ချောက်ကမ်းပါးစွန်းမှာ မတ်မတ်ရပ်နေဖို့
ငါကြိုးစားတယ် ။ လေတွေ တအားတိုက်လာတယ် ။ ဒီလိုနဲ့ပဲ ငါ့ဘဝဟာ
မလိုအပ်တဲ့ စွန့်စားမှုတွေကိုပဲ တောင်းဆိုနေခဲ့တယ် ။ ဒီလိုနဲ့ပဲ ငါ့ကို
ဆွဲငင်ထားတဲ့ gravity ကို အသက်ကယ်ဘောကွင်းတစ်ခုလို ငါကိုင်တွယ်မိခဲ့တယ် ။
မှိုပွင့်ပုံတိမ်တိုက်တစ်ခုမှာ ငါ့ပုဂ္ဂလသစ်စေ့တွေကို ချိတ်ဆွဲပေးလိုက်ပြီး
လေထုထဲ လွှတ်တင်တယ် ။ ဘဝဟာ မီးကျည်တစ်ခုလို ထိုးတက်သွားပြီး
နောင်နှစ်ပေါင်းနှစ်ဆယ်ကျော်ရောက်မှ ခရုပတ်ခွေလို ငါတို့ရဲ့ အစုပြချစ်ခြင်းတွေဆီ
ပြန်ဖြာကျတယ် ။ ဒါဟာ ငါဘယ်လောက် လွမ်းနေပါပြီဆိုတဲ့အကြောင်း
သဲပေါ်မှာရေးပြီး မင်းဆီလိပ်မူဖို့ ကြိုးစားနေမိခြင်းပဲ ။

အချို့ညတွေမှာ ကွန်ကရစ်ကြမ်းပေါ် တဖောက်ဖောက်ကျလာတဲ့ မိုးစက်တွေနဲ့တင်
မလုံလောက်လို့ ငါ့မှာ ရေတံခွန်တစ်ခုလို ဆုတောင်းရတယ် ။ အချစ်ဟာ 
မသွားပါနဲ့လို့ တားနေတဲ့ကြားက တိမ်အတုတွေထဲ ပျံတက်ထွက်ခွာသွားတဲ့
လေယာဉ်တစ်စင်းပဲ ။ အချစ်ဟာ ငါ့အရိပ်ငါ ပြန်ရှို့နေမိတဲ့ မီးတောက်ပြာလဲ့ပဲ ။
တောင်လတ္တီကျူ့တွေမှာ နေရောင်ဟာ စူးရှလွန်းလို့ ခေါင်းကို အောက်စိုက်
ငုံ့ထားရတယ် ။ ရေဒီယိုထဲက ခပ်တိုးတိုးခေါ်သံကို ငါလျစ်လျူရှုလိုက်တယ် ။
တရှဲရှဲမြည်သံတွေပဲ ပြန်ကြီးစိုးသွားတယ် ။ ဘယ်ကလာတဲ့ ဆက်သွယ်မှုလဲ
ငါမသိချင်ဘူး ။ ဒုက္ခများတဲ့ ကာလတရားထဲ အချိန်ဟာ တွင်းနက်တစ်ခုလို ပြုမူပြီး
ငါတို့ဘဝတွေကို စုပ်ယူသွားတယ် ။ အိမ်အပြန်လမ်းမတွေဟာ ငါထိတွေ့ကိုင်တွယ်လို့မရတဲ့
အကောင်အထည်တစ်ခုလိုမျိုးဖြစ်မယ် ။ ပြန်တွေးလိုက်တိုင်း ငါတို့သိတဲ့အရာတွေကို
ငါတို့မသိတော့ဘူး ။ ငါ့မှားယွင်းအင်ဂျင်မှာ ကိုယ့်ကိုယ်ကို ငြင်းပယ်မှုတွေကို
လှောင်ကန်အပြည့်သိုထားခဲ့တော့ တစ်ဘဝလုံး ဘယ်လောက်သွားသွား
ဘယ်ကိုမှမရောက်ခဲ့ဘူး ။ ဒါဟာ wormhole ကိုဖြတ်ပြီး ရောက်လာတဲ့
နာကျင်လိပ်ပြာတွေရဲ့ ပေါ့ပါးလေးပင်မှုမျိုးပဲ ။

လူဟာ သိပ်ကို အထီးကျန်လာတဲ့ အခါမျိုးမှာ အစုပြနာမ်လို တွေးခေါ်နိုင်ဦးမလား ။
ဆေးလိပ်မီးခိုးတွေ ၊ လေလွင့်ပြာစတွေနဲ့ ငါ့ကိုယ်ငါ လောင်ကျွမ်းနေမိတဲ့ နေ့ညတွေ ။
စိတ်ကျအင်္ကျီနဲ့ မြို့အနှံ့လျှောက်သွားနေမိပြီး ငါ့ကိုယ်ငါ လွှတ်ချထားလိုက်တဲ့
နေ့နေ့ညည ။ အမျိုးအမည်မသိတဲ့ ဝမ်းနည်းစက်ကွင်းတွေက ငါ့ငြီးငွေ့မှုထုထည်လိုပဲ
ထပ်တူထပ်မျှ ကြောက်စရာကောင်းပါတယ် ။ ဒီစကြဝဠာကို စိတ်အလိုမကျ ဖြစ်လာပြီး
နောက်တစ်ခုဆီ ပြောင်းရွှေ့အခြေချဖို့ ငါကြိုးစားတယ် ။ မင်းမသိရအောင် အဲဒီမှာပဲ
ငါ့တစ်ကိုယ်စာ တိတ်ဆိတ်နာကျင်ခဲ့ပါမယ် ။ ဒါဟာ ဘယ်လိုတည်ဆောက်ထားကြောင်း
ရှင်းမပြနိုင်တဲ့ အချိန်ကာလရဲ့ တွန်းကန်အားပဲ ။ လည်ပတ်မှုက အရှေ့ကိုဖြစ်ပြီး
အရွေ့က အနောက်ကိုသွားနေတဲ့ မီးပြဟာ တခြားကြယ်အစုအဝေးတွေဆီ
ဝေးကွာပျောက်ကွယ်သွားတော့ အလင်းရောင်ဆိုတာ ငါတို့မျိုးဗီဇအမှတ်အသားတွေထဲ
ပြုပြင်ထည့်သွင်းထားတဲ့ အကောင်အထည်မဲ့အဆိပ်ပဲ ဖြစ်တယ် ။
ဆောက်တည်ရာမရ ကုန်သည်လေစီးတွေနဲ့အတူ ငါ ပြန်လာဖြစ်ခဲ့ပါပြီ ။

       ပိုင်ဉာဏ်
       19th January, 2018

Sunday, June 4, 2017

တိတ်ဆိတ်မှုကို ကြားဖို့ ငါလိုအပ်



အမိုးပေါ် မိုးသံတွေ ကြားတော့
ငါ့ ရှေ့ဆယ်ဘဝ နောက်ဆယ်ဘဝ စိုစွတ်သွား
ငါမသိနိုင်ညတွေ
တဖျောက်ဖျောက် လမ်းမများ
အတိုင်းအဆမသိနိုင်တဲ့ တိတ်ဆိတ်ခြင်းတွင်းနက်ထဲ
ငါ့နည်းငါ့ဟန် နှစ်ဆယ့်သုံးနှစ်လုံး အော်ဟစ်ခဲ့
အခုညရဲ့ အခုမိုးတိမ်တွေဆီကမှ ပဲ့တင်ပြန်ရတယ်
ညဟာ ဆိတ်ငြိမ်တယ် နက်နဲတယ်
စစ်အတွင်းက ချစ်ခြင်းလို ငါ့ကမ္ဘာ
လေဟာ တိုးတိတ်တယ်  လှပတယ်
မျက်ဝန်းတွေမှိတ်ပြီး လက်ခံယူလိုက်တာနဲ့
မင်းစိတ်ဝိညာဉ်တစ်ခုလုံး စိုလက်သွားမယ့်အဖြစ်
ငါ အံ့သြတကြီး ဆုပ်ကိုင်ဖြတ်သန်းမိ
ညနက်နက်တွေတိုင်းမှာ
အော်ဟစ်ခဲ့ရသမျှ ငါ ပိုမိုတိတ်ဆိတ်မိ
။     ။


       ပိုင်ဉာဏ်
       16th April, 2017

Wednesday, February 15, 2017

ကုန်းတွင်းပိုင်း FM



မှန်ထဲငါကြည့်တော့ college essays စာအုပ်ကို
ကြောင်က တစ်ရွက်စီ ပြန့်ကြဲဆုတ်ဖြဲထားတယ်
ငါ့စားပွဲတင်မီးအလင်းက ဖတ်လက်စစာလုံးတွေကို ပိုမှုန်ဝါးစေတယ်
မူလတန်းတစ်ယောက်လို ငါတစ်လုံးစီ ပေါင်းဖတ်တယ်
On the road ကိုဖတ်ဖို့ ညနက်၃နာရီအထိ ငါအချိန်ယူခဲ့တယ်
ခဲတံချွန်စက်ပေါ်က ငှက်မျက်နှာဟာ တစ်ချိန်လုံး ငါ့ကို စိုက်ကြည့်နေတယ်
ငါ တုန်လှုပ်လာတယ် ငါသွေးပျက်လာတယ်
အား လို့ စာလုံးပေါင်းပြီး ငါအကျယ်ကြီးအော်တယ်
မှန်ကိုပြန်ကြည့်တော့ ပြဒါးမရှိတော့ဘူး
ဒီစာကြောင်းကိုရေးဖို့ ငှက်မျက်နှာကိုကိုင်ပြီး ငါခဲတံချွန်တယ်
ငါထပ်သွေးပျက်တယ်
ဟိုးအဝေးက ဥသြသံကြားတာ ဆေးရုံကားဖြစ်ပါစေ ငါမျှော်လင့်တယ်
LED မီးလုံးတစ်လုံးချင်းစီရဲ့ အလင်းမှုန်တစ်စစီအောက်မှာ
ငါတစ်ခုကို တစ်စက္ကန့်တိတိစီ တွေဝေတယ်
ငါ့အသံဟာ ဒီအခန်းအပြင်ဘက်မှာ မတည်ရှိတော့သလို ခံစားရတယ်
ညကောင်းကင်မှာ လေထီးတပ်သားတွေ ခုန်ဆင်းလာတာ ငါမြင်တယ်
ဘေးအိမ်ခေါင်မိုးပေါ်ကျလာတဲ့ တစ်ယောက်မျက်နှာကို ငါသေချာကြည့်တော့
ဓာတ်ငွေ့ကာမျက်နှာဖုံးအမည်းအောက်မှာ နှုတ်သီးချွန်ချွန်ကို တွေ့တယ်
စားပွဲပေါ်က ချွန်စက်မှာ ငှက်မျက်နှာမရှိတော့တာ ငါသတိထားမိ
ငါထပ်ခြောက်ချားတယ်
လုံခြုံရေးကင်မရာသာ တပ်ထားရင်
ငါဖြစ်နေပုံတွေ မင်းကို မြင်စေချင်တယ်
သတိရခြင်းများစွာဖြင့်
မှ/

       ပိုင်ဉာဏ်
       15th February, 2017

Sunday, May 15, 2016

reality edges

အရှိတရားကမ်းပါးစွန်းများ
ငါ့ဘဝဟာ ပိုမိုနီးကပ်သွားနေတယ်
လမ်းပေါ် လက်ပြတားလိုက်တော့
နောက်ခန်းထဲမှာ ငါချစ်ရတဲ့သူမ ပါလာတယ်
မီးတောက်ပြာလဲ့နဲ့ ငါ့ကိုခေါ်ယူသွားမယ့် နေ့ည
အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့အရာတွေနဲ့ သူတို့ကနေတစ်ဆင့်
ရရှိလာတဲ့ ငါတို့အတွက် ဟာသပြက်လုံးများ
ရထားကို ဘယ်မှာမီရပါ့ ။ နိုင်ငံတော်သစ်ရဲ့ မီးခိုးတန်းရှည်
ပျက်ကျရတဲ့ ဘဝဆက်တိုင်းဟာ ပျော်စရာ
ငြှိမ်းရမယ့်မီးတောက်က ဘာလဲ ။ ပြီးတော့ ဘယ်မလဲ
ငါ ဒါမှမဟုတ် ငါ့အစားထိုးဇာတ်ကောင်က သံသရာကို
ယုံကြည်ဖူးတယ်တဲ့လား
သောကြာညလေထုဟာ မင်းထင်မှတ်မထားတဲ့
ငါ့ချစ်ခြင်းဇုန်မှာ ပိုမိုသိပ်သည်းမှန်း
ကိုယ်ဟာ လက်ချောင်းသုံးချောင်းနဲ့ အခြားကမ္ဘာသားပါ
ကံကြမ္မာကောမစ်ဆရာ အလိုကျအတိုင်း
တကယ့်အပ်ကြောင်းရာထပ်နေတဲ့ တကယ့် LP ဓာတ်ပြားတွေ
အမြဲစိမ်းတောအုပ်ဆီကနေ လိပ်ပြာတွေဆီ
မျက်နှာကြက်မှာ ၊ နံရံချပ်မှာ ၊
ငါ့ကို အမြစ်လိုစုပ်ယူထားတဲ့ ကြမ်းပြင်မှာ
ပင့်ကူမျှင်တွေဆီကရရှိတဲ့ ဝမ်းနည်းမှုလိုမျိုး
မင်းမသိနိုင်ပါဘူး ငါ့အရိပ်ဟာ ဘယ်သူဘယ်ဝါ
တံခါးကိုတွန်းဖွင့်နေတဲ့လက်တွေကပဲ လက်ကိုင်ဖြစ်သွားတာမျိုး
နှင်းဆီပွင့်တွေ အမြောက်အများနဲ့ အရှိတရားကို
ငါတို့ ဘယ်လောက်တောင် မုန်းလိုက်ပုံများ
မတူကွဲပြားတဲ့မြို့တွေရဲ့ အသက်ရှုသွင်းပုံ
အလွတ်ခုန်ဆင်းပုံ ။
နောက်တော့လည်း တကယ့်ဘဝမှာ တကယ့်အရှိတရားတွေနဲ့ ။
ငါ့ကျောပိုးအိတ်ထဲမှာ
မိုးမျှော်တိုက်တွေနဲ့ သူတို့ရဲ့ခေါင်မိုးမြင့်မြင့် ။

       ပိုင်ဉာဏ်
       15th May, 2016

Tuesday, December 15, 2015

လူလုပ်မှတ်ဉာဏ် - ၁၁ (Interlude)



မြေအောက်ခိုကျင်းထဲက ထွက်လာပြီးကတည်းက
နေ့စဉ်လှုမှုဘဝဟာ အမြဲဆိုသလို
မနေ့ကပဲ တဝေါဝေါအော်မြည်စီးဆင်းနေတဲ့
ရေတံခွန်က နောက်နေ့
ဗလာဟင်းလင်းဖြစ်သွားတာမျိုး
အမြဲပြောင်းလဲနေတယ်ဆိုတဲ့ကမ္ဘာမှာ
အနည်းဆုံးတော့ ခင်ဗျားသက်တမ်းတစ်လျှောက်
တည်ရှိနေမယ်ယုံမှတ်ထားတဲ့
အကောင်အထည်တွေ ဥပမာ အငွေ့

လူအဖြစ်ရဲ့အပြစ်ဒဏ်ကို
ကျွန်တော်တို့ခါးပတ်လည်မှာ ကျစ်ကျစ်ပါအောင်ပတ်ထားပြီး
ဘယ်တော့ထပေါက်ကွဲမယ် မသိနိုင်တာမျိုး တစ်ချိန်တည်းမှာပဲ
နောက်စကြဝဠာတစ်ခုမှာ ခင်ဗျားရဲ့လူမှုဘဝဟာ
ကျွန်တော့်ရဲ့လူမှုဘဝဖြစ်နေနိုင်တာ
လည်ပတ်နေတဲ့အမှုန်တစ်ခုကြောင့် သေနတ်မောင်းပြုတ်ပြီး
ဦးခေါင်းခွံထဲ တိုးဝင်သွားတဲ့ကျည်ဆန်ကို
နောက်ထပ်စကြဝဠာတစ်ခုမှာ ကျွန်တော်က သွေးရူးသွေးတန်း
တော်လှန်ဖို့ ကြိုးစားနေတာမျိုး
ခင်ဗျား ထောက်ခနဲမီးညှိလိုက်တဲ့ဆေးလိပ်ဟာ
တစ်ခြားအကောင်အထည်တွေအတွက်
တဖျစ်ဖျစ်မြည်ပြီး လောင်ကျွမ်းပျောက်ဆုံးသွားတဲ့ တွင်းနက်
ကျွန်တော်ဟာ ပြာမှုန်တွေရဲ့ဖြစ်တည်မှုကို ယုံကြည်ပါတယ်
ကျွန်တော်ဟာ ဘေးလွယ်အိတ်ထဲမှာ
အချိန်ယန္တရားကိုထည့်ပြီး မြို့လည်ခေါင်မှာ သူမနဲ့တွေ့ဖို့ ချိန်းဆိုထားပါတယ်

အဲဒီအတွက်ပဲ သူတို့ရဲ့အရိပ်တွေက ပိုမိုနက်ရှိုင်းလာရတယ်
ကျွန်တော့်မှာ အဲဒီလိုလူမျိုး ၇ ယောက်ရှိတယ်
တစ်ခြားနိုင်ငံကိုထွက်ခွာသွားပြီး
တစ်ခြားကမ္ဘာကိုထွက်ခွာသွားပြီး
တစ်ခြားရှင်သန်မှုဆီထွက်ခွာသွားပြီး ပြန်မလာနိုင်တော့
ကျွန်တော့်မှာ ပြတင်းလိုက်ကာကိုဆွဲပိတ်ပြီး
အခန်းမီးကိုဖွင့်လိုက်ရတယ်
ကြောက်လန့်တကြားတွေ့လိုက်တာက
ကြမ်းပြင်အပြည့် ရေတံခွန်ကနေပျောက်ဆုံးသွားတဲ့ ရေထု ။

    ပိုင်ဉာဏ်
    16th December, 2015

Tuesday, December 1, 2015

[ Untitled ] - ဏေသစ်

[ Untitled ]

ငါ့ မကောင်းမှုတွေအတွက် ဘယ်သူမှ ပြန်မပေးဆပ်ရဘူး။ ငါ့ဟာသကို နားမလည်သူတွေရဲ့ အောက်ဆီဂျင်ပိုက်ကို အကောင်းဆုံး recycle လုပ်နိုင်ဖို့ ငါ စဉ်းစားတယ်။ ကယ်ဆယ်ခြင်းမခံရတဲ့ နှလုံးသားတွေအတွက်

တီဗွီရှေ့ထိုင်ခုံမှာ နောက် ခုနစ်နှစ် ထပ်ကြာသွားတယ်။ တံခါးကို ဆွဲစေ့ထားတဲ့ လက်ကို တစ်နေရာမှာ
လက်အုပ်ချီလျက် အနေအထားအတိုင်း မြင်ဖူးတယ်ဆိုတာ ပြတ်နေတဲ့ လက်တွေကို ကြည့်ရင်း သေချာ

မှတ်မိသွားတာပါပဲ။ လုံခြုံရေး ကင်မရာ အချင်းချင်း တစ်လှည့်စီ စစ်တုရင်ထိုးနေတဲ့ နေရောင်အောက်မှာ
အသစ်အဆန်းဆိုတာ ယုံကြည်မှုပဲလို့ အရှေ့အလယ်ပိုင်းက လူတွေ ကြားအောင် ငါတို့ sound box တွေ

တာဝန်မကျေခဲ့ဘူး။ ဒီဇာတ်ညွှန်းအတိုင်းဆို လူ ကနေ ပိုးဟပ်ကြီး ဖြစ်သွားရမယ့် နေရာဟာ စူပါမားကတ်ရဲ့
အဝတ်လဲခန်း တစ်ခုခုပဲ။ အိမ်သာနံရံက ဆေးကွာနေတဲ့ ဂရပ်ဖစ်တီတွေကို ကျောက်စာတွေလို ငါ တစ်လုံးချင်း

အနက် လိုက်ဖွင့်တယ်။ ရေပိုက်ခေါင်းထဲမှာ သားစားငါးမန်းတွေ တဝုန်းဝုန်း ကူးခတ်နေတယ်။ လက်ရှိကမ္ဘာနဲ့
မလုံလောက်ရခြင်းဟာ ငါတို့အတွက် အမြဲတမ်း အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်ခဲ့တယ်။

ဒါ masochist တစ်ယောက် ယုံကြည်တဲ့ အနီးစပ်ဆုံး ကောင်းကင်ဘုံပဲ။ ပြီးတော့ မင်းတို့ ထင်သလို
ငါ ပျော်နေပါတယ်။ ။

- ဏေသစ်

(ညွှန်း ။ ။ မောင်ဒေး - ကဗျာများ
 Greenday - Jesus of Suburbia)


[ Untitled ]

Nobody has to pay for my sins. For those who don't get my humor I think of the best way to recycle their oxygen supply line. For hearts which are not for salvation

it takes another seven long years in front seat of TV. The fact that the hands which were closing the door
were once seen somewhere as the palms pressing together had been made sure

by looking at the severed hands. Under the sunlight of security cameras playing chess against each other
our sound boxes were unable to fulfill the duty to let men from middle east hear that

the new trend is belief. According to this script, where man has to metamorph into big cockroach is
in some changing room of the supermarket. I look for the glossaries of graffities peeling on toilet wall

as stone scriptures. Carnivorous sharks are swimming vigorously inside the tap. This world and
its insufficiency had always been a good reason for us.

This is the nearest paradise in which a masochist believes. And as you all think
I am happy.

- nay thit

(Ref: Maung Day - Poems
 Greenday - Jesus of Suburbia)

~ translated by paingnyan