I needed that smoke

မျက်ဝန်းတွေမှာ တသီးတသန့်အရောင်တစ်ခုစီ တောက်တောက်ပပ
ရှိတယ်ဆိုကြပါစို့
မမြင်နိုင်တဲ့ အကောင်အထည်တစ်ခုစီအတွက် သူတို့လောင်ကျွမ်းသွားတာ
အရမ်းလှပလွန်းတဲ့မီးတောက်
မယုံကြည်သူများအတွက် ၊
ကြိုတင်ဖန်တီးထားတဲ့ အံ့အားသင့်မှုထဲမှာ ၊
တအားလည်ပတ်နေတဲ့ ချားရဟတ်ထဲမှာ ၊
မှုတ်ထုတ်လိုက်တဲ့ သက်ပြင်းငွေ့တွေ ပျော်ဝင်သွားတယ်
ဘယ်တော့မှမပြောဖြစ်မယ့် စကားတွေ

ငါ့ဘေးပတ်လည်က မြက်ခင်းစိမ်းရောင်နံရံတွေ
အဆို့ကိုဆွဲဖြုတ်လိုက်တာနဲ့ ငါ့ခေါင်းထဲကရေစီးက မရပ်တန့်တော့
ဘယ်လိုရှင်သန်သွားပါမယ် ၊
ဘယ်လိုပျောက်ကွယ်သွားပါမယ် ၊
ယုံကြည်သူများအတွက် ကြိုဟောစာတမ်း
ဟိုးဝေးဝေးက မြို့ရဲ့အလင်းတန်းတွေက ကာလတရားကို ဝဲဂယက်လိုစုပ်ယူသွား
လျှောက်လည်း မရောက်မယ့်လမ်းတွေ
မရောက်လည်း လျှောက်မယ့်လမ်းတွေ

ငါ့အသက်နှစ်ဆယ့်နှစ်ပြည့်တဲ့ညမှာ ငါ့အခန်းမျက်နှာကြက်ကို အောက်ခံအနက်လိုက်သုတ်တယ်
တဖွားဖွားကျနေတဲ့ရေပန်းအောက်မှာ နှစ်နာရီလုံးလုံး ဒူးနှစ်ဖက်ကိုပိုက်ပြီး ထိုင်တယ်
ငါ့ရှေ့မှာရှိနေတဲ့အရောင်တွေကိုပဲ ပိုယုံကြည်လိုက်ရမလား ၊
ငါမမြင်နိုင်တဲ့ လျှပ်စစ်သံလိုက်ရောင်စဉ်လှိုင်းရဲ့ ၉၉ရာနှုန်းထဲမှာ
ရှိနိုင်နေသေးတဲ့ တခြားအရောင်တွေအကြောင်းပဲ ဆက်တွေးနေရမလား ၊
I needed that smoke
ငါ့နားကြပ်ထဲမှာ Imagine Dragons ရဲ့ Demons ကို repeat လုပ်ထားလိုက်တယ်
စားပွဲပေါ်ခုန်တက်လာကြတဲ့ ကြယ်ရောင်အောက်က အကွာအဝေးတွေလိုမျိုး
အစပိုင်းရက်စွဲတွေနဲ့ အစောပိုင်းနေ့ရက်တွေနဲ့ နံရံအောက်ကိုစီးကျလာတဲ့ နောင်တတွေ ။
နံရံအောက်ကို တစိမ့်စိမ့်စီးကျလာတဲ့ ငါ့နောင်တတွေ ။


ပိုင်ဉာဏ်
10th July, 2015

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်