ငါ့သူငယ်ချင်းတွေ အိမ်ပြန်သွားကြတဲ့ နေ့တုန်းက ငါ ငရုတ်ပင်တစ်ပင် ဝယ်တယ်
ငါ့သူငယ်ချင်းတွေ အိမ်ပြန်သွားကြတဲ့ နေ့တုန်းက ငါ ငရုတ်ပင်တစ်ပင် ဝယ်တယ်
နွေလယ်ရက်တွေမှာမှ ငှက်တွေက တလျှောက်လုံး မရပ်မတန့်နိုင်အောင် တစူးစူးအော်နေတာ
ငါ့ဦးနှောက်မျှင်တွေထဲ သူတို့ရဲ့ လှိုဏ်သံတွေ အပြည့်နဲ့ ဒီပွဲတော်ရာဆီရောက်ဖို့ ငါ တွားသွားခဲ့ရ
ပွဲတော်ရာဆီရောက်တော့ ငါ့ခေါင်းပေါ်ဝဲနေတဲ့ ဟေလိုကွင်းကို မော့ကြည့်ပြီး ငါမပျော်ဘူး
မျက်လုံးတွေ မှိတ်ထားလိုက်မှ အမှန်တကယ် မြင်ရတဲ့ တစ်ဦးချင်းဘဝကို ငါမယုံဘူး
အိန်ဂျယ်တစ်ပါးလို အနန္တအားရဲ့ မြဲမြံတဲ့လက်တွေနဲ့ ဆုပ်ညှစ်ခံထားရတဲ့ ငါတို့ရဲ့ နှလုံးအိမ်တွေ
အဆုတ်ထဲ ရေတွေအပြည့်နဲ့ ဂါလိလဲပင်လယ်ဆီ ခုန်ဆင်းသွားတဲ့ ငါ့ဘယ်လက်ထဲက ဆင်းတုရုပ်
ဒီမိုးသက်လေနှင်ထဲ ငါ့တိုင်းပြည်ကို စုစည်းထားနိုင်တဲ့ ဗဟိုက ဘယ်မှာရှိနေမလဲ ငါတွေးတယ်
ဒက္ခိဏလေရိုင်းနဲ့ ဓားလွတ်ကိုင်သူရူးတို့ရဲ့ သွေးသားဆုံချက်ကို မျက်မြင်တွေ့ရဖို့အတွက်
ဒီတောင်ထွဋ် အမြင့်ကြီးပေါ် ကုန်းရုန်းတက်တော့မှ အပေါ်ကနေ စီးမြင်ရတဲ့ မြူခိုးဖြူထု
ဒီလို နိုင်ငံတော်ရဲ့ ဆန့်ထုတ်ထားတဲ့ လက်ညှိုးကို ထိနိုင်ခွင့်အတွက်ကိုပဲ ငါတို့ ထောင်ထားခြားနားခဲ့ရ
အဝါရောင်နောက်ခံဘဝမှာ မင်းကို တရှိုက်မက်မက် နမ်းနိုင်ဖို့အတွက်ကိုပဲ နယ်ခြားကို ငါ ကျော်ဖြတ်ခဲ့ရ
အပြန်လမ်းဆီ မျက်နှာမူထားတဲ့ ငါတို့ရဲ့ အဝေးကို အရောင်တစ်ရောင် အနေနဲ့ပဲ ဆွဲခြယ်ခဲ့ရ
ဒီလိုမျိုး အဝေးက အရောင်ဖြစ်မယ်ဆို အကွာက အသွေးလား ဆိုတာကို ငါစဉ်းစားတယ်
ဒီကြားကာလတရားက လှိုင်းရဲ့အလျားကို တံပိုးရဲ့အနံနဲ့ ပစ်မြှောက်ပြီးမှ ရလာတဲ့ ပဋိသန္ဓေလို
အိမ်ကိုမက်တဲ့ အိပ်မက် အပြီးမှာ နယ်ခြားမျဉ်းက နာမ်ခန္ဓာကို ထက်ပိုင်းတိတိ ခြမ်းသွားတယ်
တောင်စွယ်မှာ တစ်နေ့ပြီးတစ်နေ့ ဝေးကွာလှမ်းလာနေတဲ့ လူနဲ့အိမ်နဲ့ အကြားက အဆက်အစပ်
ပိုနီးကပ်လာမလားလို့ မင်းမျက်ဝန်းတွေထဲ စိုက်ကြည့်လိုက်တိုင်း ငါ့ခေါင်းထဲမှာ ငှက်သံတွေ
ဒီနှစ်ဆောင်းရဲ့ အေးစက်လက်ချောင်းတွေကို ငါ့ကိုယ်ပေါ်မှာ အမေ့စောင်လို ရစ်ခွေထားတယ်
မနေ့ညက ရွက်လှေတစ်စီး လထဲဝင်ပြီး ပျောက်သွားတယ် ဒီနေ့ ငါ့သူငယ်ချင်းတွေ အိမ်ပြန်တယ်
ငါ့ကိုယ်တွင်းက ရှဲခနဲ မြည်တဲ့အထိ ယမ်းဖူးကို ခြစ်ပြီး မီးခြစ်ဆံကို မြေပုံပေါ် ပစ်ချလိုက်တယ်
မီးတောက်ဟာ အဝါရောင် ပြီးတော့ အပြာရောင် ပြီးတော့ အဖြူရောင် ပြီးတော့ အနီရောင်
ပိုင်ဉာဏ်
23rd December, 2025
Comments
Post a Comment