ငါတို့/ဘဝကို ဘယ်လိုနေထိုင်

တခွန်းစကားဟာ တယောက်တည်း မဟုတ်ဘဲ အပေါင်းအပါတွေနဲ့ ရောက်ချလာတယ်

ငါ့တကိုယ်ရဲ့ ခြောက်ခြားမှုကို နှင်းမှုန်တွေပေါ်မှာ တင်ထားမိတဲ့ ကိစ္စ

နေ့စဉ်ဘဝရဲ့ အသေးနုပ်ဆုံး အဖြစ်အပျက်လေးတွေမှာ ရှိနေစေချင်တဲ့ အရိပ်နဲ့ ကြိုးနဲ့

ငါ အဆင်ပြေပါတယ် ဒီမိုးရိပ် ဒီကြိုးရိပ်နဲ့

မင်းဘဝဟာ နောက်ကျနေတဲ့ ငါ့ကိုမစောင့်ဘဲ မောင်းထွက်သွားတယ် ခုတ်မောင်းသွားတယ် ပျံတက်သွားတယ်

နေ့လည် ၃ နာရီမှာ အခန်းထဲ အရမ်းလင်းနေလို့ နေလုံးကို ခဏလောက် ပိတ်ထားချင်တယ်

နေ့သင့်နံသင့်တရက်မှာ ငါတို့ဘဝတွေက ဒီိလောကထဲ ဘယ်လို အရိပ်ထင်ခဲ့ပုံ ဘယ်လို လှိုင်းခတ်ထခဲ့ပုံ

လူ့မျက်ရည်နဲ့ တည်ထားတဲ့ စနစ်အဆောက်အအုံတွေပေါ်

ငါတို့မျက်ရည် ကျရတာ ဆန်းသလား

ငါ့မျက်ရည် မင်းစန္ဒရားသံပေါ် ကျရတာ ဆန်းသလား

ငါ့မျက်ရည် မင်းပေါင်သားဖျော့တော့တွေပေါ် ကျရတာ ဆန်းသလား

မနက် ၃ နာရီမှာ အခန်းထဲ အရမ်းအေးနေလို့ နေလုံးကို ခဏလောက် ဖွင့်ထားချင်တယ်

ငါ့ကို တံတိုင်းလို ဒိုင်းလို ကာကွယ်ပေးနေတဲ့ မင်းတကိုယ်က ကာလတရားရဲ့ လက်သည်းရှည်တွေ 

မျက်တောင်ကော့တွေ မျက်နက်ဝန်းတွေ

မင်းအိပ်မက်ထဲ ညကြီးသန်းခေါင် ဖုန်းဝင်လာရင် အဲဒါ ငါပါ ငါ့ကတိစကားတွေပါ ငါ့တုန်လှုပ်မှုတွေပါ

မနက်နှိုးစက်က ဒီအေးစက်ထုထည်ကြီးထဲ ဖောက်ဝင်လာနိုင်ပါ့မလား ငါ သွေးကြောင်တယ်

နကန်းတလုံးမှ မသိလို့ ဏကြီးတလုံးမှ မပါလိုက်ဘူး မင်းတားလိုက်တဲ့ နံရံမှာ 

စီးကျလာတဲ့ ငါ့နောင်တတရား

ပြီး ငါ့လက်ရာတွေ ငါ့ခြေရာတွေ ငါ့နှလုံးရာတွေကို ဖမ်းယူရရှိပြီးသား ညခင်းသတင်းအစီအစဉ်

ဒီဘဝကို ဒီညမှာ နေနည်းထိုင်နည်း အိမ်ဝေးရေဒီယိုမှာ လာနေတယ်

ငါ့တကိုယ်နဲ့ မင်းတကိုယ် ဒီလှိုင်းအလျား မြောက်များစွာ ကြားထဲကနေ ကြားမိစေ


ပိုင်ဉာဏ်

7th January, 2026


Comments

Popular posts from this blog

စက္ကူမြို့ရဲ့ အနီရောင်နှင်းဆီပန်းတွေအတွက် အချစ်ကဗျာတစ်ပုဒ်

ပန်းပွင့်တွေရဲ့ဝေါ့လ်ဇ် (waltz of the flowers)

မြစ်ကြောင်းပြ