A Night Bus to Sakyamuni

You live through war? 

ဆိုပြီး ငါ့ဘေးခုံမှာထိုင်တဲ့ ခရီးသွားဖော်က 

မိတ်ဆက်ပြီးပြီးချင်း မေးတယ်

အဲဒီမှာပဲ မိုးကြီးလေကြီး ကျလာပုံက 

ကားခေါင်မိုးနဲ့ မှန်ပြတင်းတွေကို

ခဲထိပ်ဖူးတွေ  တဒေါက်ဒေါက် လာမှန်နေသလိုပဲ

ဆက်တိုက်လေထဲ 

ဘုရားဂေါပကဟာသတွေကို 

ဘတ်စ်ကားစပယ်ယာတွေရဲ့ လေသန္ဓေအတိုင်း 

ငါတို့ရယ်ကြတယ် 

သူဖွင့်ထားတဲ့ အမဲကင်ဆိုင်ကို 

ငါလာစားပါ့မယ်လို့ အော်ပြောလိုက်တယ်

ညရဲ့အရောင်ထဲမှာ ကားကမရပ်ဘူး 

စကြာမုနိကို လက်အုပ်ချီပြီး 

ငါခုန်ဆင်းလိုက်တယ်

မိုင်ရှစ်သောင်း ပျံလာတဲ့ ငါ့သူငယ်ချင်းဆီရောက်တော့

သူ့အတောင်တွေက 

ငါတို့ ဓာတ်ဆီလောင်းရှို့ခဲ့တဲ့ နိုင်ငံတော်အလံလို 

တဟုန်းဟုန်း မီးစွဲလောင်နေပြီ

ဒါနဲ့ ထီးကောက်တလက်စီ ကိုင်ရင်းပဲ ငါတို့ 

မြို့အနှံ့ လျှောက်ပတ်ကြည့်ကြတယ်

ခရီးဒဏ်တွေ ဖြေဖျောက်ဖို့အတွက်ဆိုပြီး

ခြေဆင်းထိုင်နေတဲ့ အနှိပ်သမလေးရဲ့ ပေါင်ကြားထဲ 

ကျောဆင်းမှီချလိုက်တာနဲ့ 

ငါ ပထမဆုံး ခံစားမိတာက

ငါ့အဖွားပေါင်ကြားထဲမှာ နွေးထွေးလုံခြုံခဲ့ရတဲ့ ငယ်ဘဝပဲ

မူလဘူတနဲ့ နီးကပ်လာလေ 

လူတွေဟာ ယိမ်းညွတ်ပျော့ပျောင်းလာလေပဲ တူရဲ့

ငါ ဇာတိပုညဂုဏ်မာနအခံနဲ့ လက်မှတ်တစောင် ထိုးပြချင်လာတယ် 

လက်မှတ်စစ်ကို စိတ်ကြည်လက်ကြည်နဲ့ လက်အုပ်ချီချင်လာတယ်

အပြန်ခရီးအတွက် သုံးဘီးကားရောင် လက်ဆွဲသေတ္တာတလုံး 

ငါ အသဲအထန် လိုချင်လာတယ်


ပိုင်ဉာဏ်

15th May, 2026


Ref: Allen Ginsberg - Sakyamuni Coming Out from the Mountain (1953)

 

Comments

Popular posts from this blog

စက္ကူမြို့ရဲ့ အနီရောင်နှင်းဆီပန်းတွေအတွက် အချစ်ကဗျာတစ်ပုဒ်

letter on dunes

ပန်းပွင့်တွေရဲ့ဝေါ့လ်ဇ် (waltz of the flowers)