primitive dome model

မြေအောက်လှိုဏ်ခေါင်းထဲ တရှိန်ထိုးတွားသွားနေတဲ့ ရထားတစ်စင်းလို ။ လက်ဖမိုးပေါ် ဖိညှစ်ထားတယ် ။
ဝတ်လွှာအောက်က ဝတ်ရုံအောက်မှာ သွေးခုန်နှုန်း ခိုက်ချက်တစ်ချက်ထိ ။
လိုရာသုံးဝါစင်္ဂပဲ ကိုယ့်ဆရာ ။ ဆေးရုံပေါ်မှာ ရတဲ့ရနံ့ကို သိပ်ကြိုက်တာပဲ ။
အတွေးကိုမီးရှို့ပြီးရလာတဲ့ ပြာမှုန်စတွေကို ငါ အသေအချာသိမ်းထား ။ အလျင်တစ်ခုဟာ ။
အမြဲလို ။ ရေစက်လက်ကျနေတဲ့ နံရံက ကြမ်းခင်းကို လှမ်းအော်တယ် ။
သံသရာအဆက်ဆက် ညွတ်ကိုင်းရပါလို၏ ။ ညောင်ရွက်တွေဆီ ဆုတောင်းတယ် ။
ဗဟိုဦးစီးစနစ်တစ်လှည့် တော်လှန်ရေးစနစ်တစ်လှည့် ။ ကာလတာရှည် သမိုင်း ။
မီးတောက်တစ်တောက်မဟုတ်ဘူး ။ မီးစတစ်ပေါက်က စခဲ့တာ ။
ငါတို့ဟာ အပြည်ပြည်ဆိုင်ရာ ပဋိညာဉ်ခံဆိတ်တွေ ။
အပတ်တကုတ်ချီတက်လော့ ။ သွေးရည်ကြည်တွေခဲပြီး သွေးမတိတ်တော့ ။
တန်ဖိုးဆိုတာ ငါ့အတွေးထဲမှာ တည်မှီတယ် ။
၆ လှမ်းလျှောက်ပြီး လဲကျတော့ ချီတက်သူတွေရဲ့အပြစ်ပေါ့ ။
လှံရှည်ကိုင်မြင်းတပ်ရဲ့ ဘာသာစကားအလုပ်ပေါ့ ။
အဝေးရောင်မီးပြတိုက်နဖူးစီးမှာ ဇီဝဆိုင်ရာတားမြစ်ချက်တွေ ။ Amen
ငါ့သံသရာကို ယူ ခေါက်သိမ်းထားပေးမယ်မလား ။ ဒီလိုပုံစံခွက်ပါ ။
အထီးကျန်နိုင်မှုက အထီးကျန်ဆန်မှုမဟုတ်မှန်း တခမ်းတနား သိလာရ ။
မျက်လုံးဖွင့်လိုက်တာနဲ့ လှိုင်းတွန့်တွေ အဝေးကိုထွက်သွားကြ ။
ဒီနေရာအရောက်မှာ ငါ ဟာ ဇာတ်ကြောင်းပြန်သဘော အနက်ပုံစံဖြစ်တယ် ။
ပြေးစတုန်းက အဝေးကြီးရောက်ပြီးမှ ။ ကျောင်းဝင်းထဲ ငိုက်မြည်းနေရတဲ့ဘဝ ။
ရာသီဥတုက ခါးတယ် ။ ဆေးပြင်းလိပ်ကြီးခဲပြီး ဂေါ့ဖားသားအထား ။
စစ်ပွဲမှာ ကတုတ်ကျင်းအယူအဆကို ဘယ်အချိန်တည်းက သုံးခဲ့ကြလဲ ။
နေရောင်ထဲ သဲရောင်လက်နေတယ် ။
သီးခြားလွတ်လပ်တဲ့လူသားအဖြစ်ရောက်ဖို့ရာ စကြဝဠာဗဟိုချက်ဘယ်မှာဆိုတာ လှမ်းမျှော်ကြည့်နေရတာမျိုး ။
ကွေးနေတဲ့ဒိုင်မန်းရှင်းတစ်ခုထဲ စာသားတွေပစ်ချလိုက်တာမျိုး ။
တိတ်ဆိတ်နေတဲ့ပင်လယ်က ကျန်ခဲ့တဲ့ကမ်းခြေကို သတိရနေလိမ့်မယ် ။ ငါသိနေရတယ် ။
အဟုန်တွေအကုန်တိတ်သွား ။ ငါမြင်နေရတယ် ။ နေရောင်ထဲ သဲရောင်လက်နေတဲ့ပုံစံ ။

    ပိုင်ဉာဏ်
    27th November, 2013

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်