နောက်ဆက်တွဲဇင်မောင်ကျော်ကိုကိုသန့်

နောက်ဆက်တွဲဇင်မောင်ကျော်ကိုကိုသန့်
ထီးတစ်လက်ကို ကောက်ကိုင်ပြီး ဒုတိယအကြိမ် မျက်လုံးတွေကို ပြန်မှိတ်ချလိုက်တယ်။ ၁၈ နှစ်အရွယ်သူက ချက်ချင်းပဲ ၂၃ နှစ်ရောက်သွားတယ်။ နောက်ဆုံးအကြိမ် သူတို့တွေ့ကြတုန်းက သူချစ်တဲ့ကောင်မလေးဟာ လေဆိပ်တိုင်းမှာ ရောက်နေပြီ။ ဘဝကို ဒဏ်ရာတစ်ခုလို ဇင်မောင်ကျော်ကိုကိုသန့် လှမ်းခေါ်တယ်။ ပြန်မလာနိုင်တော့မယ့်အရာတွေအတွက် ဇင်မောင်ကျော်ကိုကိုသန့် ဂိုးပေါက်ချော်သွားတဲ့ ဟာခနဲ အသံမျိုးနဲ့။ မမျှော်လင့်ပဲ တစ်စုံတစ်ယောက်နဲ့ အချိန်အတန်ကြာရယ်မောခဲ့ခြင်းဟာ ကိုယ့်လက်ထဲ ဘာမှ ရှိမနေတဲ့အကြောင်း ကိုယ့်ကိုယ်ကို ပြန်အသိမပေးတာပဲဆိုတာကို ဇင်မောင်ကျော်ကိုကိုသန့် ကောင်းကောင်းသိတာပေါ့။ လက်ရှိသက္ကရာဇ်မှာ ချစ်ရသူရဲ့ နာရီဒိုင်ခွက်တွေ တစ်ခုမှ မရှိကြတော့ဘူး။ ဇင်မောင်ကျော်ကိုကိုသန့်ဟာ နေ့စဉ်ဘဝကို သွေးအေးအေးနဲ့ကြည့်ရှုတတ်တဲ့ ဇာတ်ကောင်တစ်ယောက်လို ဖြတ်သန်းခဲ့သူပါ။ ပထမတစ်ခါ ခေါင်းငုံ့ချလိုက်တုန်းက ဇင်မောင်ကျော်ကိုကိုသန့်ဟာ ရုတ်တရက် အသက်တွေအရမ်းကြီးလာပြီး ငယ်သေးတဲ့သူ့ကို ထားခဲ့တာလေ။ ဇင်မောင်ကျော်ကိုကိုသန့်ရဲ့ အိမ်ပြန်လမ်းမတွေက မှောင်သင့်တာထက် ပိုပြီးတော့မှောင်တယ် ။ ဘဝမှာ သူမမြင်ချင်တဲ့အရာတွေကပဲ သူ့ကို ချောင်းကြည့်ပေါက်တစ်ပေါက်ဆီ ချော့ခေါ် မျှားခေါ် ဖမ်းခေါ်သွားတာ။ ဇင်မောင်ကျော်ကိုကိုသန့်ဟာ လူအုပ်ကြီးတစ်ခုကြားထဲရောက်နေပြီး စက္ကူလေယာဉ်ပျံတစ်စီးလို ထွက်ခွာသွားရတဲ့ခံစားချက်မျိုးနဲ့။ ကံတွေဆိုးပြီဆို ချစ်ရတဲ့သူတွေရဲ့သင်္ဘောတိုင်းဟာ သူ့ဆီမှာ အမြဲလိုလို ကမ်းကပ်နောက်ကျနေတာမျိုးပေါ့။ သူ့ဘဝရဲ့အရာရာကို နောင်နှစ်ပေါင်းများစွာအကြာ ကားအကောင်းစားကြီးပေါ် ထိုင်ပါသွားတဲ့ကောင်မလေးဆီမှာ အစီအစဉ်လိုက်ပြန်တွေ့တယ်။ ဒါကြောင့်ပဲ သူ့ရဲ့မာရီယိုဟာ မှိုတွေဘယ်လောက်စားစား ကြီးထွားမလာတော့ဘူး။ ဇင်မောင်ကျော်ကိုကိုသန့်ဟာ ရုတ်တရက် အသက်တွေကြီးသွားပြီး ငိုတယ်။ ဘဝသရုပ်ဖော် ရုပ်ရှင်ဝတ္ထုများလိုပေါ့။ နေဟာ အလွန်ပူပြင်းတဲ့အမှောင်နဲ့ ဇင်မောင်ကျော်ကိုကိုသန့်ကို အိပ်ရာကနေနှိုးတယ်။ အသည်းကွဲခြင်းအမှုဟာ တအူအူထွက်နေတဲ့မီးခိုးများကို သူ့ကိုငေးမောလျက်။ နောက်တစ်ကြိမ် မျက်စိထပ်ဖွင့်လိုက်တော့ ရေချိုးခန်းထဲမှာ အခြားဇင်မောင်ကျော်ကိုကိုသန့် ၃၊ ၄ ယောက်ကိုတွေ့ရတယ်။

ဇင်မောင်ကျော်ကိုကိုသန့်ဟာ ဘယ်ကြည့်မှန်ဆီကိုမှ ထပ်မရောက်တော့ဘူး။



    ပိုင်ဉာဏ်

    12th November, 2015



ညွှန်း။   ။ ဇင်မောင်ကျော်ကိုကိုသန့် - ဏေသစ်

            ဇင်မောင်ကျော်ကိုကိုသန့်ဟာ အိပ်ရာကနေ နိုးလာတယ် - အာခီယာ

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်