ဆက်ကွင်းများဘက်ကအခြမ်း

(၁)
ပိုပြီး သန့်စင်ကြည်လင်တဲ့ အစိတ်အပိုင်းဆီ နံရံတစ်လျှောက် ပိုင်းဖြတ်ထားတဲ့
နေ့တွေက ရက်သတ္တပတ်တွေ တစ်ရာသီပြီး နံရိုးတစ်လျှောက် တိုးဖွခေါ်သံ
ပစ်ပယ်မှုတွေများလာတော့ ရပ်တန့်ပစ်လိုက်တဲ့ပုံစံတွေ ပါရာဒိုင်းကိုရွှေ့မို့
လက်ထဲက ထိန်းချုပ်ခလုတ်ခုံမှာ ပညာရပ်ဆန်ဆန်နာကျင်မှုသို့ ချိန်မှတ်နာရီတစ်
နားစည်နံရံကို ထိရိုက်မိသမျှထဲ ထိခိုက်မိသမျှ ထိကျန်ခဲ့တဲ့
စာသားတွေက စတင်သင်ကြားပါတယ် ခုန်စရာနေရာမရှိတာ
ပျံသန်းမှုအခြေပြု ဇာတ်ဆောင်သဘော သက်ရောက်နေစွမ်းအင်ကဏ္ဍအတွက်
လိုင်းများက လူများကို ခေါ်ဆောင်ပြီး လူများက လိုင်းများ
အနက်ရောင်ဒြပ်ဆွဲအားက နိုင်ငံတည်ဆောက်ရေး အတွေးအမြင်ကျရုပ် ဖြစ်တည်တယ်
တစ်ခါပြန် အလည်အပတ် သီးသန့်စိတ်ရုပ် ချာတိတ်ဘဝမှာ ကြည်လင်ပါတယ်
မနေ့က ပင်လယ်ကွေ့ဆီ ရောက်တယ် နာမ်ရုပ်ပဲရှိတယ်
မြို့ပြကိုဖြတ်ပြီး လေအေးစီးကြောင်းရောက်လာတယ်
ကမ္ဘာလုံးဆိုင်ရာ လူမှုစနစ်တစ်ခုလုံးက သမုတိသစ္စာတရား

(၂)
ကျွန်တော့်ကို မမြင်ရတဲ့ယာဉ်တစ်စင်း တိုက်သွားတယ် မမြင်ရပေမယ့် ယာဉ်ဆိုတာတော့ ကျွန်တော်သေချာတယ် တိုက်ခံရတာ ကျွန်တော်ဆိုတာလည်း သေချာတယ် ထင်တယ် ဒီ့ထက်မပိုဘူး ဒီ့ထက်မလျော့ဘူး ဒီပွိုင့်မှာ တန်းနေတာ ဖြစ်စဉ်တစ်ခုလုံးမှာ နောက်ဖြစ်စဉ်တစ်ခု ကပ်ပါနေတယ် ကျွန်တော်သေချာသလိုရှိတယ် ဒုတိယအကြိမ်ကြိုးပမ်းမှု ယုတ်လျော့သွားတဲ့အချိန်မှာ ကမ္ဘာထဲက ချောက်အရင်းအမြစ်ကို တွေ့တယ် ပထမဆုံးအနေနဲ့ ဒီဥပမာဟာ အသိဉာဏ်နည်းပါးမှုကို မဆွဲတင်နိုင်ဘူး ကျွန်တော်ကိုယ်တိုင် အတိုက်ခံရသား အာရုံသိစိတ်အလွှာအောက်က ဖြစ်တည်မှုတစ်စုံတစ်ရာကို တွေ့မြင်လုနီးနီး အခြေအနေမှာ အခြေအနေက ပိုပြီးရှုပ်ထွေးသန့်စင်လာတယ် လူမှုကွန်ရက်မှာတင် ကျွန်တော့်သိစိတ်ကို တိုက်သတ်သွားတာ မလုံလောက်တဲ့ နည်းနာတွေအကြောင်းပြောမယ်ဆို မလုံလောက်တော့တဲ့ အသိအမြင်အခြေခံတွေ ပါမှ မဟုတ်ရင် အသံဒက်ဆီဘယ်အနိမ့်အမြင့် တူညီမှုကို ရှေးရှုမိလိမ့်မယ် ဒီလိုပဋိသန္တာရစကားက ကမ္ဘာမှာ အခြေခံအကျဆုံး လိမ်လည်မှုဖြစ်တယ် ဖြစ်တည်စိတ်ဟာ ဘယ်လောက်ဖြူပါတယ်ပြောပြော မုသားဟာ အဖြူထည်ပါလို့ ဘယ်လောက်ဆိုဆို ကျွန်တော်တို့ဟာ လူသားတွေဖြစ်ခဲ့ပြီးပြီ လူသားတန်ဖိုးကို ပိုင်းဖြတ်ထားတဲ့ နယ်ခြားမျဉ်း မှိန်ဖျော့လျော့နည်းလာတဲ့ အဖြစ်က ကျွန်တော်တို့ရာစုနှစ်ရဲ့ အဆန်းတကြယ်ပြဿနာ ဆိုတာ ကြည့်သူရဲ့ မြင်ထောင့်နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ် သမိုင်းတစ်လျှောက်မှာ လူတွေက အဆောက်အုံတွေကိုဆောက်ခဲ့ကြပြီး အဆောက်အအုံတွေက လူတွေကို ပြန်တည်ဆောက်ခဲ့ပါတယ် ဒါဟာ ဓလေ့ထုံးတမ်းအရတော့ မဟုတ်လောက်ဘူး ဖြစ်စဉ်ပြ(၁)အရ ယာဉ်တစ်စင်းဆိုတာ အင်မတန် သေချာပါတယ် အရေးအသားတွေကို မယုံပါနဲ့ မှတ်ဉာဏ်ကိုယုံကြည့်ပါ ကျွန်တော်ပေးနိုင်တဲ့ အကောင်းဆုံးအကြံဉာဏ်

(၄)
လမ်းကြားထဲ လေတွေ တအားဝင်လာတဲ့ညတုန်းက
နံရံကို ကြဲပက်ထားတဲ့ သုတ်ဆေးအညို အပြေးပြေးအလွှားလွား
တိုက်ခံအုတ်မြစ်က အိုမင်းနေပြီ
မြို့သားတွေရဲ့ သေနတ်ပစ်ခန်း ပြတင်းဘောင်တစ်လျှောက် စီးကျလာတဲ့ဘာသာစကားတွေ
ဇော်ဂျီလက်သုံးတောင်ဝှေး သေသွားတယ်
ဒီရထားက ဘယ်ဘူတာမှမရပ်ဘူး / ဒီရထားကို ဘယ်ဘူတာမှရပ်မပေးဘူး
ဦးခေါင်းခွံအောက်က သယံဇာတဖြစ်ဖြစ် မီးတောက်က တဖျစ်ဖျစ်မြည်ပြီးငြိမ်း
အရေးအသားက zombie ဟန် အပြည့်ရှိတယ်
အကြောင်းအရာပုံစံ recycle သဏ္ဍာန် လုပ် သရုပ်တူပေါ့ ဒါပေါ့
နာရီခြားတစ်ခါ စွမ်းအင်တည်မြဲမှုနိယာမအရ ပျော်ရွှင်မှုများ
ရေစိုနေတဲ့ လောကကမ္ဘာကြီးက
ငါတို့ဟာ တစ်ယောက်နဲ့တစ်ယောက်ကြားက ချစ်ခြင်းမေတ္တာလို ဘာသာစကားတွေ
ဒုံးလွှတ်စင်ဘေးက အောက်စီဂျင်လှောင်ကန်ထဲ ကျသွားတယ်

(၃)
ဟိုးအဝေးကတောင်စဉ်တန်းတွေရဲ့ ခဲခြစ်ပန်းချီလို ကောက်ကြောင်းတွေကို ကိုယ်လှမ်းမြင်နေရတယ်။
ကိုယ့်ဦးခေါင်းထက်မှာ တိမ်ပြာတွေအပြည့်မိုးထားတဲ့ ပေါင်းမိုးအမြင့်ကြီးရှိနေတယ်။
မိုးကုပ်စက်ဝိုင်းဆိုတဲ့စကားလုံးကို တိမ်ဖြူတွေနဲ့ကာထားတယ်။
အနီဖျော့ဖျော့တိမ်စိုင်တွေက ကိုယ့်တည်နေရာဆီ တလိပ်လိပ်နဲ့ လေစီးကြောင်းတလျှောက် စီးလာတယ်။
တိမ်တွေရဲ့ ဟိုးအောက်မှာ ကိုယ် ရပ်နေတယ်။
တိမ်တွေဆီကနေ မြေပြင်အထိ ပြေးဆင်းလာနေတဲ့လေထု ကိုယ့်ဆီ တအားတိုးဝင်လာနေတယ်။
ကိုယ့်ပတ်ပတ်လည်က မြက်ပင်ရှည်တွေ တဟူးဟူးတိုက်နေတဲ့လေနောက် ယိမ်းပါနေတယ်။
ကိုယ့်ဆံပင်တွေ၊ ကိုယ့်အင်္ကျီစ လေထုတဲ တဖျတ်ဖျတ်လွင့်နေတယ်။
ကိုယ့်သိစိတ်အာရုံတွေ လေအေးစီးကြောင်းထဲ တလွင့်လွင့်။
အချိန်ကျပြီ။
တင်းတင်းဆုပ်ထားတဲ့လက်ကို ဖြေလျှော့လိုက်ပြီး ကိုယ့်ကျောပေါ်က မြက်ဦးထုပ်ကို ခေါင်းပေါ် အသာအယာတင်လိုက်တယ်။
သမိုင်းတစ်ခုရဲ့အဆုံးဟာ သမိုင်းဖြစ်စဉ်တစ်ခုရဲ့အစပဲ ဖြစ်တယ်။

(၅)
အနေအထားအထာကျပြီးနောက်တစ်လွှာ
ငါ့ကိုယ်ငါ ရှာဖွေရေးအင်ဂျင်ထဲက အီလက်ထရွန် တစ်စ   တစ်စ
အကွာအဝေးကို အကျယ်ကြီးချဲထားတယ်
အကြီးအကျယ်ချဲ့ထားတယ် ။ တိုးတိုက်ဝင်လာနေတဲ့ လေထု
ပစ်မှတ်ရောက်ဖို့ ၁.၃၇ စက္ကန့်
ရုပ်သံက ဝါဆောခရီးသွားအစီအစဉ် ပြနေတဲ့
လိုင်းတွေထဲ ဒရာမာလွန်ထိုးဇာတ်ရဲ့ အပေါ့စားဇာတ်ဆောင်တွေ ပြေးဝင်လာ
ဒါ ငါလား
ဒါ ငါ့ကြောင့်လား
နည်းစနစ်အမှားဟာ မဟာဗျူဟာအမှားရဲ့ လက်ဝေခံ
ယူဆလို့ရပါ့မလား
မေးရိုးမေးစဉ် ထုံးတမ်းစဉ်လာ တော်လှန်တိုက်ပွဲစဉ် အစီအစဉ်
ကြိုဟောဆိုင်ထဲက ပြန်ထွက်လာတဲ့နိုင်ငံတော်ဟာ
ရဲခနဲ လောင်မီးကျသွားတယ် ။ မိနစ်ပိုင်းအတွင်း လွတ်လပ်ရေး စတင်တယ်


       ပိုင်ဉာဏ်
       28th August, 2013

Comments

Popular posts from this blog

အရှိတရားကမ်းပါးစွန်းများအတွက် စကားနည်းနည်း

ကိုယ့်ဘဝကို ကိုယ့်ဘဝလို့ မထင်တော့တဲ့အခါ

[ Untitled ] - ဏေသစ်